အကျိုးမျှော် နှိုးဆော်နေ့များသို့ အလွမ်း

July 28, 2026,

အေဒီသစ်

ဗမာတွေ “နောင်ဝေဝေ”လို့ ကြားတဲ့ကြေးစည်သံကို ကျနော်တို့ ထားဝယ်သားတွေရဲ့ နားထဲမှာတော့ “ တူးဝမ်းဝမ်း” လို့ ဘိုဆန်ဆန်ကြားသဗျ။

ငယ်တုန်းက ဝါတွင်းအဖိတ်နေ့တွေမှာ ဝတ်ဆွမ်းခံထွက်တဲ့အဖွဲ့ရဲ့ ရှေ့ဆုံးကနေ အဲဒီ “တူးဝမ်းဝမ်း” ကို တင်းပုတ်နဲ့ထု၊ ရွာပတ်ပြီးသက်တူရွယ်တူတွေကြား ဟန်ရေးပြချင်လှပေမယ့်လည်း ကျနော့် ဗလငါးပိဿာ၊ လက်မောင်းအိုးကျူ တံရိုးနဲ့ ဘယ်လိုမှ မနီးစပ်ဘဲ “တူ ဝူ ဝူ” နဲ့ သာယာနာပျော်ဖွယ် အသံထွက်အောင် ခရုသင်းကိုလည်း မမှုတ်တတ်လေတော့ အရပ်အမောင်းညီတဲ့ အဖော်တစ်ယောက်နဲ့ တွဲပြီး ဆွမ်းဆန်ခံတဲ့ ခြောက်မြှောင့်စားပွဲလေးကိုပဲ ထမ်းရတော့တယ်။

လှူကြတန်းကြတာက ဝါးရွက်နဲ့ထုပ်၊ လျှော်ကြိုးနဲ့ချည်တွဲထားတဲ့ ကောက်ညှင်းထုပ်အသေး ဆယ်ထုပ်တွဲ (ပြာရေဒွန်)တွေ၊ ဆင်အံသီးလို့ခေါ်ကြတဲ့ သီးမွှေးငှက်ပျောတွေ၊ ဖီးကြမ်းတွေ၊ ရှောက်ချို၊ ကျွဲကော၊ မာလကာ၊ တောင်ပိန္နဲ၊ နာနတ်တွေ၊ ဘီစကစ်၊ နံကထိုင်၊ လမုန့်နဲ့ကိတ်တွေ၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ပန်းတွေနဲ့ဆွမ်းဆန် တွေစသဖြင့် စုံတကာစေ့လှတယ်။

ရပ်ထဲရွာထဲ တစ်လမ်းဝင်တစ်လမ်းထွက် အလှူခံရလာတဲ့ ပစ္စည်းတွေကို ရွာလယ်ဇရပ်ပေါ် နေရာချပြီးရင် ခလေးဥပသကာလေးတွေ တာဝန်ပြီးသွားပေမယ့် လူကြီးနဲ့ ကာလသားတွေကတော့ ဆွမ်းတော်ပွဲ၊ သောက်တော်ရေချမ်း၊ ပန်း၊ ဆီမီးပြင်ဆင်တာ၊ သံဃာတော်တွေကို မနက်အာရုဏ်ဆွမ်းလောင်းလှူဖို့ ဆွမ်းဟင်းစီစဉ်ချက်ပြုတ်ရတာနဲ့ အလုပ်တွေ ဆက်နေရော။

ဆွမ်းဟင်းချက်ရင်း၊ ဆွမ်းတော်ပွဲစောင့်ရင်း၊ စိတ်သန်ရာဝါသနာအလျောက် ကျားထိုးကြ၊ ပဆစ်ပစ်ကြ၊ ဒိုမီနို၊ ဒိုးဇက်ဆက်ကြ၊ စစ်တုရင်ကစားကြတာအပြင် ကာလသားတချို့ကလည်း လူကြီးတွေအလစ်မှာ ခွက်ပုန်းဆွဲတတ်ကြသေးရဲ့။

ကြက်သားအာလူးဆွမ်းဟင်းချက်ရင် ကြက်အူတွေ၊ ကြက်ခြေထောက်တွေက ကာလသားအုပ်စုရဲ့ အမြည်းပန်းကန်ထဲမှာ။

ရပ်ရေးရွာရေးအကြောင်း ကိစ္စကြီးငယ်အတွက် စုကြဆုံကြတဲ့ ရွာလယ်ဇရပ်ဟာ လူကြီးတွေသာမက လူငယ်တွေလည်း စိတ်ဝင်စားကြတဲ့ နေရာပေါ့။

ကျားထိုး၊ ပဆစ်ပစ်၊ စစ်တုရင် စတဲ့ကစားနည်းမျိုးစုံအပြင်၊ ဓမ္မတရားလည်းကြားရ၊ ဟာသစကားလည်းကြားရ၊ ကောင်းတာရော မကောင်းတာပါ လူငယ်တွေ အတုမြင်အတတ်သင်လို့ရတဲ့ ရပ်ကွက် တက္ကသီလာကျောင်းတော်ဟာ ရွာလယ်ဇရပ်တွေပဲ။

ကျနော်တို့ ငယ်ငယ်က အပေါ်အောက်ဝတ်စုံအဖြူနဲ့၊ ဆောင်းထားတဲ့ ခမောက်တွေမှာ အဖွဲ့နာမည်၊ ကျောင်းတိုက်နာမည်တွေထိုးထားတဲ့ ဥပသကာတွေ၊ အမျိုးသမီးတွေကျတော့ ယောဂီဝတ်စုံဝတ်ပြီးအလှူ ခံဖလားကိုင်ပြီး နိဗ္ဗာန်ဆော်ထွက်ကြတဲ့အဖွဲ့တွေဆိုတာ မနည်းမနော၊ အစိတ်သုံးဆယ်ရှိမယ်နဲ့ တူတယ်။

ဆိုက်ကားပေါ် လော်နဲ့အသံချဲ့စက်တင်၊ မိုက်လေးခဲပြီးဆုတောင်း ပတ္တနာခြွေတဲ့အဖွဲ့၊ အော်ဂင်တွေ၊ ကီးဘုတ်တွေ၊ ဗုံတွေပတ်တွေ၊ နှဲပလွေလင်းကွင်း၊ အဆိုအဟဲနဲ့အဖွဲ့၊ အောင်ခြင်းရှစ်ပါး ရောင်ခြည်တော်ဘွဲ့ကြိုးဗောဓိပင် နဲ့ ရွှေပလ္လင်ဂေါတမမြတ်ဘုရားဂုဏ် စတဲ့ ဓမ္မပူဇာတေးတွေဖွင့်ပြီး အလှူခံထွက်တဲ့ အဖွဲ့တွေအပြင် ရိုးရိုးရှင်းရှင်းရှေးမူရိုးရာမပျက် ခရုသင်းလေးတတူတူမှုတ်ပြီး နိဗ္ဗာန်ဆော်ကြတဲ့အဖွဲ့တွေနဲ့ တောအဖိတ်၊ မြို့အဖိတ်နေ့တွေဟာ ဓမ္မတေးသံ၊ ဆုတောင်းပတ္တနာ တညံညံနေ့တွေပေါ့။

အခုခေတ်မှာတော့ မိုက်ကလေးလက်ထဲရောက်ပြီဆိုတာနဲ့ ဘုရားနဲ့ပဲ လည်ပင်းဖက်ကြီးခဲ့တဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးလို၊ ပါးစပ်ထဲတွေ့ကရာရှစ်သောင်း မနားတမ်း ဟောဖော်ညွှန်ပြ ဆုံးမကြလွန်းလို့ လော်ဥပဒေထုတ်ပြီး တားမြစ်ရလောက်အောင် စွမ်းဆောင်နိုင်ကြတဲ့အလှူ ခံမဏ္ဍပ်တွေ၊ ဓမ္မာရုံတွေက ဦးဦးကိုကိုဘဘမိုက်ခဲတွေ၊ ဘာသာရေးပွဲလား၊ ဒန့်စ်ပါတီလား ဇဝေဇဝါဖြစ်ရအောင် ဆောင်းဘောက်အကြီးကြီးတွေ တဒုန်းဒုန်းနဲ့ ရင်ဘတ်အောင့်အောင် ထုကြဖွင့်ကွလို့ သဒ္ဓါမပေါက်ပဲ စိတ်ကသိကအောက် ဖြစ်ကြရတာတွေလည်း ဒုနဲ့ဒေးဆိုတော့ သာသနာရေးအတွက် စိတ်ပါလက်ပါ ကြိုးပမ်းကြသူတွေအချို့မှာလည်း အုတ်အရောရော ကျောက်အရောရော အထင်မှားအမြင်မှား ဖြစ်တာခံကြရရှာတယ်။

ဗုဒ္ဓကလျာဏနိဗ္ဗာန်ဆော်အဖွဲ့ဆိုရင် စတည်ထောင်ခဲ့တဲ့ (၁၉၆၆) ခုနှစ်ကနေ အခုထိ သက်တမ်းရှည်ရှည် ရပ်တည်နိုင် သာသနာ့အကျိုးဆောင်နေဆဲအဖွဲ့ ပါ။

အစောပိုင်းကာလတွေမှာ သုခိတာရုံကျောင်းကနေထွက်ခဲ့ပြီး အခုလက်ရှိမှာတော့ ဘုမ္မော်ရပ်၊ ၂၇တောင်ရပ်တော်မူဘုရားဝင်း “မုနိဓဇသိမ်” မှာ အခြေပြု ထားတယ်။

ဟိုးအရင်ကဆို နေ့လည်ခင်းစထွက်တဲ့အချိန်ကစပြီး တစ်မြို့လုံး လမ်းကြီးလမ်းငယ် အသွယ်သွယ်တွေမှာ စားစရာသောက်စရာတွေနဲ့ ဖိတ်ခေါ်ဧည့်ခံကျွေးမွေးလှူကြတန်းကြလို့ လပြည့်လကွယ် သီတင်းကြီးအဖိတ်နေ့တွေဆို မနက် ၂ နာရီ ၃ နာရီလောက်မှ သိမ်းရတဲ့အဖွဲ့၊ ရပ်ကွက်စုံက လူငယ်လူလတ်ဥပသကာတွေနဲ့ ညီညီညွတ်ညွတ်ရှိလှတဲ့အဖွဲ့ပါ။

“ဘွ န္တော အို နာ သေဘေး ဆင်းရဲဘေးမှ ကင်းဝေးလိုကြောင်း အိုသူတော်ကောင်းအပေါင်းတို့ ဣတလောကေ ဤ ခေတ် ဤခါ ဤလူ့ ရွာ၌၊ ကုသလံ ဒါန သီလ အစဖြာသည်၊ ဘာဝနာပွားများ ကုသိုလ် တရားကို၊ ဥဒ္ဒိတွာ အများ သူ ငါ ဆွမ်းချက်ကပ်ရန် အဓိဋ္ဌာန်ထား၍၊ နိဗ္ဗာန်လမ်း တရားပြုကျင့်ရန် ထတော်မူကြပါ၊ ဘွန္တော . . သပ္ပုရိ သ အပေါင်း သူတော်ကောင်းတို့ ” ဆိုတဲ့ မနက်စောစော ဘွန္တောအော်၊ နိဗ္ဗာန်ဆော်သံတွေရဲ့နောက် အာရုဏ်ဆွမ်းချက်၊ ဆွမ်းလောင်းကိစ္စဝိစ္စပြီးလို့ မိုးလည်းလင်းပြီဆိုရင်တော့ ဆွမ်းတော်ပွဲအစွန့်ကို မျှော်ဖို့ အနီးအနားတဝိုက်ကခလေးတွေ ရွာလယ်ဇရပ်ပေါ်ရောက်ပြီ။

“ဖိနေ့ဒန်းနေ့ အီမှာလူကီးမှေ့” ဆိုသလို လူကြီးတွေ ဘုရားကျောင်းကန်ဥပုသ်သွားကြတုန်း အပြတ်ကဲဖို့၊ မျောက်ရှုံးအောင်ဆော့ဖို့ အစီအစဉ်တွေ ဆွဲကြပြီလေ။

“လတ်ဖတ်ရယ်န၊ ဂါဂျိုး တိုက်ခန်းထဲမှာ ဗြိုး” ဆိုသလို လူကြီးတွေလစ်တုန်း အိမ်မှာရှိတာလေးတွေ လှန်လှောစားကြသောက်ကြနဲ့ ညနေလူကြီးတွေ ဘုရားကျောင်းကန် ဇရပ်ဆီက အိမ်ပြန်ရောက်လာရင်တော့ မျက်နှာပိုးသတ်၊ မခုတ်တတ်တဲ့ကြောင်လေးတွေလို။

စိုင်းထီးဆိုင်ရဲ့ “ ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ” ကို တီးဖို့ဆိုဖို့ မလိုခဲ့သေးသောနေ့များ ။