ဖားစည်

September 8, 2026,

ဆရာဇော် (စိတ်ပညာ)

ဆရာကြီးရွှေဝယ်ဧရဲ့ ထားဝယ် ရာဇဝင်သမိုင်း စာအုပ်ကို ၁၉၇၄ခု အောက်တိုဘာလမှာ ပထမအကြိမ် ထုတ်ဝေပါတယ်။ ၂၀ဝ၅ ခုနှစ် သြဂုတ်လမှာ ဒုတိယအကြိမ် ထပ်မံ ထုတ်ဝေပါတယ်။ ဆရာကြီးဟာ ထားဝယ်နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကိုလည်း မဂ္ဂဇင်းတွေမှာ ရေးသားခဲ့တဲ့အတွက် ထားဝယ်အတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ ဒုတိယအကြိမ်ထုတ် ထားဝယ်ရာဇဝင် သမိုင်းစာအုပ် စာမျက်နှာ ၁၀၅ မှာ ထားဝယ် ဖားထီးဖားမ မိုးခေါ်ပွဲ ပြုလုပ်တဲ့အခါ မိုးရွာသွန်းစေရန် တီးရသော ဖားစည်ပုံဆိုပြီး ဓာတ်ပုံနဲ့တကွ ဖားစည်ကို ဖော်ပြထားပါတယ်။

ထားဝယ်ရိုးရာ မိုးခေါ်ပွဲဆိုတာ အကြိုသမိုင်းကာလဓလေ့တစ်ခုဖြစ်ပြီး အနည်းဆုံး နှစ်ပေါင်း ၄၀ဝ၀ လောက် ရှိပြီလို့ သတ်မှတ်ကြတယ်။ ပြီးတော့ ဖားစည်ဆိုရင် ကရင်တိုင်းရင်းသားတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ ပစ္စည်းလို့ သိကြတယ်။ ဒါနဲ့  မိုးခေါ်ပွဲ ဖားထီး ဖားမပွဲနဲ့ ပတ်သက်ပြီး လိုက်စုံစမ်းကြည့် ဖား စည် ၂ လုံး တွေ့ရပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂ကျောင်းမှာ သိမ်းဆည်းထားပါတယ်။ ဆရာတော်ကြီးများရဲ့ မိန့်ကြားချက်အရ ကျောင်းနံမည်တွေ ရေးလို့ မရပါ။ မိုးခေါ်ပွဲမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ခေတ်ကာလ မကောင်းခဲ့စဉ်က သံဃာဂိုဏ်းကြီးနှစ်ခု ခွဲပြီး ထိန်းသိမ်းခဲ့တယ်လို့လည်း သိရပါတယ်။ ဒီဖားစည်တွေကို အသေးစိတ်လေ့လာလိုပေမယ့် အခွင့်မရခဲ့ပါဘူး။

နောက်တွေ့ရှိချက် တစ်ခုက စစ်ကိုင်းမှာရှိတဲ့ ကောင်းမှုတော်စေတီကြီး ပြုပြင်တဲ့အခါ ဌာပနာတိုက်ထဲမှာ ဖားစည် တွေ့ရတယ်။ ပညာရှင်တွေအနေနဲ့ စဉ်းစားစရာ ဖြစ်ပါတယ်။ ထားဝယ်မြို့က မိတ်ဆွေ တစ်ယောက်ကလည်း တနင်္သာရီမြို့ဟောင်းဘက်က ဖားစည်တစ်လုံးကို ပြခဲ့ဖူးပါတယ်။ မေတ္တာမြို့မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးပွဲမှာလည်း ဖားစည်ပြထားတာတွေ့ခဲ့ရတယ်။ မြေးခံဘော် တိုက်နယ် ထန်းတလုံးကျေးရွာမှာ ဖားစည်အကျိုးတွေကို တွေ့ခဲ့ဖူးပါတယ်။

မြန်မာလို ဖားစည်ခေါ်ပေမယ့် ကရင်လို က္လို့ (သို့) ကလိုး (သို့) ကလို ဆိုပြီး တွေ့ရတယ်။ အနောက်တိုင်း သုတေသီအချို့က ကြေးစည်လို့ခေါ်ကြောင်း တွေ့ရတယ်။ စည်မျက်နှာပြင်ပေါ်မှာ ဖားရုပ်လေးတွေပါလို့ ဖားစည်လို့ အများအားဖြင့် သတ်မှတ်ခေါ်ကြတယ်။ သုတေသနတွေအရ ဖားစည်တွေကို မြောက်ဘက် မွန်ဂိုလီးယားကနေ တောင်ဘက် အရှေ့တောင် အာရှကုန်းမကြီးတွေမှာ တွေ့ရပြီး ကမ္ဘောဒီးယား နိုင်ငံဟောင်းဟာ မူလ နေရာလို့ ဆိုတယ်။ နောက်ပိုင်း သုတေသနတွေအရ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းက ဒွန်ဆွန်ယဉ်ကျေးမှုကို ဖားစည်ရဲ့ မူလနေရာလို့ သတ်မှတ်ပါတယ်။ အနည်းဆုံး နှစ်ပေါင်း ၆၀ဝ၀ လောက်ရှိပြီလို့ သတ်မှတ်တယ်။ ဖားစည်တွေရဲ့ လက်ရာအလိုက် အမျိုးအစား ၄မျိုး-၅မျိုး သတ်မှတ်ပါတယ်။ ကရင်ဖားစည်တွေကို တတိယ အမျိုးအစား ဒါမှမဟုတ် ပဉ္စမ အမျိုးအစားအဖြစ် သတ်မှတ်ကြတယ်။

ကရင်တိုင်းရင်းသားတွေရဲ့ ယုံကြည်ချက်အရ ဖားစည်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ဝ၀ လောက်ကတည်းက သုံးစွဲလာတယ်လို့ ဆိုတယ်။ ရှေးဟောင်းတေးကဗျာ ပုံပြင်တွေအရ ကရင်တိုင်း ရင်းသားတွေဟာ မြန်မာနိုင်ငံအတွင်း မဝင်လာမီကတည်းက ဖားစည်ကို သွန်းလုပ် သုံးစွဲခဲ့ကြတယ်လို့ တွေ့ရတယ်။ ကရင်တိုင်းရင်းသားတွေရဲ့ ရှေးဟောင်းတေးကဗျာတွေမှာ မဲခေါင်မြစ်ဖျားမှာ နေခဲ့ဖူးကြောင်း ဖော်ပြထားတယ်။ မဲခေါင်မြစ်ဖျားခံရာ ဒေသကို ကရင်ဘာသာစကားနဲ့ ယူကော်စီး၊ တိုင်းပြည် ကို ယူကော်၊ ပြည်သူများကို ယူဖိုးလို့ ခေါ် တယ်။

ရှေးအကျဆုံး ဖားစည်ကို ခမူလို့ ခေါ်ပြီး ရှမ်းကရင်များက သွန်းလုပ်ခဲ့တယ်။ ဖားစည် သွန်းလုပ်တတ်သူတွေဟာ ရေကြည်ရာ မြက်နုရာခရီးသွားရင်း “ဝ” ဒေသကို ရောက်ခဲ့တယ်။ “ဝ” ဒေသမှာ ကြေးတွင်း၊ သံတွင်းတွေ ပေါလို့ ဖားစည် အမြောက်အမြား သွန်းလုပ်ခဲ့တယ်။ တကောင်းမြို့အထိ အရောင်းအဝယ် လုပ်ခဲ့တယ်။ “ဝ” ဒေသမှာ ပြုလုပ်တဲ့  ဖားစည်တွေကို (၁) ကလို့ ယူမူဖားစည် – မဲခေါင်မြစ်ဖျားဒေသရှိ အမျိုးသမီးများ ပြုလုပ်သော ဖားစည်၊ (၂) ကလို့ယူခွားဖားစည် – မဲခေါင် မြစ်ဖျားရှိ အမျိုးသားများ ပြုလုပ်သော ဖားစည်၊ (၃) ကဝါမူဖားစည် – “ဝ” အမျိုးသမီးများ ပြုလုပ်သော ဖားစည်၊ (၄) ကဝါခွားဖားစည် – “ဝ” အမျိုးသားများ ပြုလုပ်သော ဖားစည်၊ (၅) ရှိုဝေမူဖားစည် – ရှိုအမျိုးသမီးများ ပြုလုပ်သော ဖားစည်၊ (၆) ရှုဝေခွား ဖားစည် – ရှိုအမျိုးသားများ ပြုလုပ်သော ဖားစည်၊ (၇) ကလို့ယူ ကော်တယ် ဖားစည် ဆိုပြီး ဆိုတယ်။

အများအားဖြင့် ဖားစည်ကို ၂ မျိုး သတ်မှတ်တယ်။ အေးသော ဖားစည် (မင်္ဂလာဖားစည်)နဲ့ ပူသော ဖားစည် (အမင်္ဂလာ ဖားစည်)ပါ။ အေးသော ဖားစည်။ မင်္ဂလာဖားစည်ကို နှစ်သစ်ကူးပွဲ၊ ကောက်သစ်စားပွဲ၊ မင်္ဂလာအခမ်းအနား၊ ပျော်ပွဲရွှင်ပွဲတွေမှာ နေ့ညမ ပြတ်တီးခတ်ပါတယ်။ ပူသောဖားစည်။ အမင်္ဂလာ ဖားစည်ကို အသုဘအခမ်းအနား၊ အရိုး ကောက်ပွဲများမှာ နေ့ညမပြတ်တီးခတ်ပြီး ချီရာတွင်လည်း အသုံးပြုတယ်။ စစ်ချီရာတွင် အသုံးပြုတဲ့ဖားစည်ကို သေမင်းတမန် ဖားစည် လို့လည်းခေါ်တယ်။

ဖားစည်ကို သွန်းတဲ့အခါ သတ္ထု (၅)မျိုး ရောစပ်ရတယ်။ ရွှေ၊ ငွေ၊ ကြေး၊ ခဲနဲ့ သွပ်တွေကို လိုအပ်တဲ့ အသံရဖို့ အချိုးကျ ရောစပ်ပြီး သွန်းလုပ်ပါတယ်။ ကရင်တိုင်းရင်းသားတွေ အသုံးပြုတဲ့ ဖားစည်ဟာ တစ်ဖက်ပိတ်ဖြစ်ပြီး ဖားစည်ရဲ့ မျက်နှာပြင်ပိုင်းကို ရင်ဘတ်လို့ ခေါ်တယ်။ ဒီမျက်နှာပြင်ပိုင်းရဲ့ အလယ် တည့်တည့်မှာ နေမင်းနဲ့ ရောင်စဉ်တန်းတွေ ပါတယ်။ ဒီရောင်စဉ်တန်းတွေကို ရုပ်ပုံတွေပါတဲ့ စက်ဝိုင်းတွေ ရှိပါတယ်။ စက်၀ိုင်း ခုနှစ်ခုကနေ ကိုးခုအထိ ရှိတတ်တယ်။ စက်ဝိုင်းတွေကြားမှာ လူရုပ်၊ ငါးရုပ်၊ ငှက်ရုပ်၊ ပန်းပွင့်စတဲ့ ရုပ်ပုံတွေ ရှိတယ်။ အနားစောင်းမှာတော့ လက်ဝဲရစ်ဖားလေး ကောင်ရှိပါတယ်။ အချို့ ဖားရုပ်တွေက တစ်ကောင်သာမက ဖား၂ကောင် ဒါမှမဟုတ် ၃ကောင်အထိ ဆင့်ထားတယ်။ ဖားစည်ရဲ့ ကိုယ်ထည်ပိုင်းမှာ ချိတ်ဆွဲထားနိုင်ဖို့ နဖားပေါက်တစ်စုံ တပ်ထားပါတယ်။ ပြီးတော့ ကိုယ်ထည်မှာ အရုပ်များရေးဆွဲထားပါသေးတယ်။ ဖားစည်ကို အရွယ်အစားအမျိုးမျိုး တွေ့ရှိရပါတယ်။

အင်္ဂါလက္ခဏာပြည့်စုံတဲ့ ဖားစည်မှာ (၁) လက်ဝဲရစ် ဖားရုပ်များ ပါရှိခြင်း၊ (၂) ဖားရုပ်သုံး ကောင်ထပ် အမျိုးအစားဖြစ်ခြင်း ( ဖားသုံးကောင် ထပ်ရှိပြီး ၄ နေရာအတွင် ဖြစ်တဲ့အတွက် ဖား ၁၂ ကောင် ရှိခြင်း)၊ (၃)အထက် နဖားပေါက်နဲ့ တန်းလျက် ကိုယ်ထည်ပေါ်တွင် ဆင် ၃ကောင်- ဆင်ချေးတုံး (သို့ ) ခရုရုပ် ၃တန်းစီ ရှိနေခြင်း၊ (၄) နေမင်းရဲ့ ရောင်စဉ်တန်း ၁၂ခု ဖြာထွက်နေခြင်းတို့ ဖြစ်တယ်။

မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံများ ( စာ ၃၁၆ ) မှာ ကရင်လူမျိုးတွေဟာ ဖားပြုတ်မှာ အောက်ပါ ဝိသေသလက္ခဏာထူးများ ရှိတယ်လို့ ယုံကြည်ကြတယ်။ ဖားပြုတ်ဟာ စကားတည်ပြီး အော်တဲ့အခါ မိုးရွာတယ်။ မိမိရဲ့ ဥနဲ့ကလေးတွေကို ပြန်လည်စားသောက်ခြင်း မရှိဘူး။ ဖားပြုတ် အရေခွံကို စားမိသူတို့က မူးပြီး အော့အန်စေပေမယ့် အလွန်ဆိုးဝါးတဲ့အဆိပ်ကို ပြေစေတယ်။ ယားနာ၊ ပွေးနာနဲ့ မီးလောင်နာတွေကို ဖားပြုတ် အရေခွံအုပ်ပေးရင် သက်သာ ပျောက်ကင်းတယ်။ ဖားပြုတ်ရဲ့အရေခွံဟာ ရွံ့စရာကောင်းပေမယ့် အမျိုးမျိုးသော ရောဂါနဲ့အဆိပ်တွေကို ပျောက်စေတယ်။ ဒီလိုအချက်တွေကြောင့် ကရင်ရှေးလူကြီးတွေဟာ ဖားပြုပ်အရေခွံကို အထွတ်အမြတ်ထားပြီး သိမ်းထားတတ်တယ်လို့ ဖော်ပြထားတယ်။

ဖားစည်အကြောင်းပြောရင် မဖြစ်မနေပြောရမယ့် ဇာတ်လမ်းတစ်ပုဒ် ရှိတယ်။ ဖူးမော်တော်ဆိုတဲ့ ကရင်ကြီး အကြောင်းပါ။ အချိန်ကာလကတော့ အတိအကျ မတွေ့ရဘူး။ ဒီဖူးမော်တော် ဆိုတဲ့ ကရင်အဖိုးကြီးမှာ သားသမီး (၇)ယောက် ရှိတယ်။ သော့သိလို့ခေါ်တဲ့ တောင်အနီးမှာ နေထိုင်ပြီး တောင်ယာ စိုက်ပျိုးတယ်။ သူ့တောင်ယာကို တောဝက်နဲ့ တိရစ္ဆာန်တွေ မကြာခဏ ဖျက်ဆီးလို့ တောင်ဘက်ကို ပြောင်းရွေ့ နေထိုင်ခဲ့တယ်။ ဒီလို ပြောင်းရွေ့ နေထိုင်တဲ့နေရာ အသစ်မှာလည်း တောင်ယာကို မျောက်တွေက ဝင်ရောက် ဖျက်ဆီးပြန်တယ်။ တောတွင်းက စပါးကျီက စပါးတွေကိုလည်း စားပစ်လိုက်တယ်။

တစ်နေ့မှာ ဖူးမော်တော်ဟာ တောင်ယာအတွင်းရှိ စပါးကျီကို သွားကြည့်တဲ့အခါ စပါးတွေ လျော့နေပြီး လူခြေရာတွလည်း တွေ့တယ်။ ဒါနဲ့ ဘာဖြစ်နေလဲ သိချင်တာနဲ့ ပိုးကောင်ဖြူ တစ်ကောင်ဖမ်းပြီး နှစ်ပိုင်းဖြတ်ကာ နှာခေါင်းအတွင်း ထည့်ပြီး စပါးကျီအတွင်း သေချင်ယောင်ဆောင် နေလိုက်တယ်။ နေထန်းတဖျားလောက် ရောက်တဲ့အခါ မျောက်တွေ ရောက်လာ တယ်။ ဖူးမော်တော်ရဲ့ နှာခေါင်းထဲက ပိုးကောင်တွေကို တွေ့ပြီး အဖိုးကြီးတော့ ပိုးကိုက်ပြီး သေပြီလို့ ထင်ကာ မျောက်တွေနေထိုင်တဲ့ ကျောက်တောင်ဆီကို သယ်ဆောင်သွားတယ်။

ဖူးမော်တော်ကို သယ်သွားပြီး မီးသဂြိုလ်ဖို့ ပြင်ဆင်တယ်။ ဂေါ်ဘောဟော ဖိုး၊ ဂေါ်ကွီးထူး၊ ဂေါ်ကွီးစေး ဖားစည်တွေနဲ့ ကလိုဝါးခေါ် ဖားစည်ဖြူကြီးကိုပါ ယူလာကြပြီး ဖူးမော်တော်အနီးမှာ ကဗျာ၊ အလင်္ကာတေးတွေ သီဆိုပြီး ငိုကြွေးကြတယ်။ ညဘက်ရောက်တဲ့အခါ မျောက်မတွေက မိမိတို့ရဲ့ လှပပုံနဲ့ အမြီးရှည်ပုံကို ပြိုင်ပြီး ကဗျာစပ်တဲ့အခါ  သေချင်ယောင်ဆောင်နေတဲ့ ဖူးမော်တော်ဟာ ဟန်မဆောင်နိုင်တော့ဘဲ ရယ်မိတယ်။ မျောက်တွေက ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။

ဒီနောက်မှာတော့ ဖူးမော်တော်က ထွက်ပြေးသွားတဲ့မျောက်တွေကို ပြန်ခေါပြီး မျောက်ခေါင်းဆောင်နဲ့ ဆွေးနွေးတယ်။ ရှေးအစဉ်အလာအတိုင်း သေသူအနီးမှာ ပြင်ဆင်ထားတဲ့ ပစ္စည်းတွေဟာ သေသူနောက်ကို လိုက်ရတယ်။ ဒါကြောင့် ဖားစည်(၄)လုံးနဲ့ အခြားပြင်ဆင်ထားတဲ့ ပစ္စည်းတွေဟာ ဖူးမော်တော် နောက်လိုက်ရမယ်လို့ ပြောတယ်။ မျောက်ခေါင်းဆောင်အနေနဲ့ ရှေးအစဉ်အလာကို မလွန်ဆံ၀ံ့လို့ ဖားစည်(၄)လုံးနဲ့ အခြားပစ္စည်းတွေကို ဖူးမော်တော်ကို ပေးလိုက်ရတယ်။ ဒီအချိန်ကစပြီး ဖားစည်တွေကို ကရင်တိုင်းရင်းသားတွေက သားစဉ်မြေးဆက် ဘိုးဘွားတို့ရဲ့ အဖိုးတန် အမွေခံပစ္စည်း တစ်ရပ်အဖြစ် ထိန်းသိမ်းခဲ့တယ်လို့ ဖော်ပြထားတယ်။

အနှစ်ချုပ်ပြောရရင် ဖားစည်ဆိုတာ ကရင်လူမျိုးတစ်မျိုးတည်း သုံးစွဲခဲ့တာ မဟုတ်ဘဲ မွန်ဂိုလီးယားကနေစပြီး အရှေ့တောင် အာရှကုန်းမကြီးမှာရှိတဲ့ တိုင်းရင်းသားတွေမှာ တွေ့ရတယ်။ ဒီယဉ်ကျေးမှုက အနည်းဆုံးနှစ် ၆၀ဝ၀ (ဘီစီ ၄၀ဝ၀) လောက်က စတယ်လို့ ဆိုတယ်။ အကြောင်းများစွာကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတွေ အမြတ်တနိုးထားတဲ့ ဖားစည်ဓလေ့ဟာ ပျောက်ကွယ်လာပြီ ဖြစ်တယ်။ ရှင်မုတ္ထီးရွာမှာ ကျွဲပွဲလုပ်တဲ့အခါ ဒေသခံ ထားဝယ်သားတွေက ကရင်လို ဝတ်ပြီး ကျွဲထိန်းအဖြစ် ပါဝင်ဆင်နွဲနေတာလည်း တွေ့ရတယ်။ ဖားထီးဖားမ ပွဲမှာလည်း ဖားစည်ပါတယ်။ ထားဝယ် တိုင်းရင်းသားတွေ ဖားစည်သုံးခဲ့လေသလား။ ဒါမှမဟုတ် ကရင်တိုင်းရင်းသားတွေနဲ့ နှစ်ပေါင်းထောင်ချီအတူ ယှဉ်တွဲနေထိုင်ရင်း ယဉ်ကျေးမှုတွေရော ထွေး နေတာလား။ ကျွန်တော်အနေနဲ့က မိုးခေါ်ပွဲ (သို့) ဖားထီးဖားမပွဲကို ထားဝယ်ရိုးရာ အတိုင်း ပြန်လည်ဖော်ထုတ်ချင်မိပါတယ်။