ထားဝယ်စကား ရောက်တတ်ရာရာ

November 14, 2025,

ဧသင်

တနေ့သ၌ အဖွားသည် မိုးတဖွဲဖွဲရွာနေသည်တွင် အိမ်ထဲ၌ အေးအေးလူလူ နေရင်း ရောက်တတ်ရာရာများကို ပြောပြလေသည်။ ရောက်တတ်ရာရာ ဖြစ်သည့်အတိုင်း သူ၏ အတွေးတွင် ပေါ်သမျှကို မျှဝေ၏။

သူသည်ကား အသက်ရှစ်ဆယ်စွန်းပြီဖြစ်၍ သူ၏ ထားဝယ်စကားမှာ ယနေ့ ခေတ်ပြောပုံဆိုပုံနှင့်ကွာသလို သူဖြတ်သန်းခဲ့ရသည့် ခေတ်အခြေအနေများကား သူ၏ ရောက်တတ် ရာရာ မျှဝေရာတွင်လည်း ထင်ဟပ်နေလေသည်။

မှတ်မှတ်ရရသူက ပါဠိကလေး တလုံးစ နှစ်လုံးစ ရွတ်၏။ “ယံမင်္ဂလံ စိန္တယိံသု…” ဟုရွတ်ရာ အဖွားသည် တရားစာရွတ်နေသည်ထင်၏။

ထိုသို့ ရွတ်ရင်းမှ “ယံမင်္ဂလံ စိန္တေယိံသု.. ချာချဉ် ခ္လေးဒု” ဟု အရွှန်းဖောက် လေသည်။ ထိုအခါတွင် နားထောင်ရသူကား ပြုံးရုံမက တဝါးဝါးရယ်မိလေသည်။

တကယ်တော့သည်စာသားလေးမှာ ထားဝယ်စကား /ချာချဉ် ခ္လေးဒု/ က အသက်ဖြစ်သည်။

မဖြစ်နိုင်သည်ကို ချဲ့ကားသဖြင့် အတိသယဝုတ္တိလင်္ကာပင် မြောက်သလားမသိ။ ပြီးတော့ ကာရန် အရလည်း စိန္တယိံသု နှင့် ခ္လေးဒု (သု နှင့် ဒု) မှာ အဆုံးသံများ (အု) ညီနေ၏။

နားထောင်သူများကတော့ ခါချဉ်ကောင်၏ ချေးတုံးကြီးကို မှန်းဆနေမိမည်ထင့်။

တနေရာတွင် အဖွားသည် အောက်ပါစာချိုးကလေးကို ချိုးပြန်သည်။ အဖွားလိုပင် အမေလည်း သည်စာချိုးလေးကို လေ့နေတတ်သည်။

“လားမဟှား ဘုဘေ၊

ပ္လီးဒေါထဲမာနေ။

ဆန်တဗြယ် ငွေတမတ်၊

လားမ မုချော့န်ငတ်။ “

ဤကဗျာစာချိုးကား မည်သည့် အဓိပ္ပာယ်ရှိသည်ကို မေးသော်လည်း တိကျသည့်အဖြေကားမရ။

စကားလုံးများကို အဓိပ္ပာယ်ဖော်ကြည့်လျှင် မခက်သော်လည်း တပုဒ်လုံး အနေဖြင့် ဆိုလိုသည့် အကြောင်းအရာ၊ ခေတ်ကာလ ဒေသ နောက်ခံနှင့် မည်သူက ဤကဲ့သို့ ကာရန် အလွန်လှသော စာချိုးလေးကို စပ်ခဲ့သည်ကို သိချင်စိတ်ပြင်းပြလာမိသည်။

အများအားဖြင့် ကဗျာစပ် စာချိုးချိုးလျှင် မူလ ပကတိ အဓိပ္ပာယ်အပြင် တင်စားသော၊ ဝှက်ထားသော၊ အတိတ် နမိတ်များထည့်ထားတတ်၍ ဤ စာချိုး၏ အကြောင်းသိလိုချင်ပင်တည်း။

ကာရန်တွင် အဆုံးသံများဖြစ်သော ဘေနှင့်နေ (အေ အသံ) နှင့် မတ် နှင့် ငတ် (အတ် အသံ) တို့မှာ လှပ ပြတ်သားနေ၏။ ဆို၍ ချောလှပေသည်။

ထိုစာချိုးကို ဖတ်၍ ရောက်တတ်ရာရာ အဓိပ္ပာယ်လိုက်ဖော်မိသည်။ သို့သော် အများကြီးမတွေးမိ။

လားမဟှား ဘုဘေ သည် ပုသော လူအမျိုးသမီးလော ၊ ငှက်လော။ ပ္လီးဒေါထဲမာ နေ ဆိုသည်က အကယ်၍ လူဆိုလျှင် ပိန်းတော ဆိုသော ရွာ (အရပ်)တွင် နေသည်ကို ညွှန်း၍ ငှက်ဆိုလျှင်တော့ ခြုံပုတ်တွင် အသိုက်ဖွဲ့နေတတ်သည့် ငှက်မျိုးဖြစ်မည်ထင်၏။

သို့ရာတွင် တပုဒ်လုံးကို ကြည့်လျှင် လားမ မှာ မုန့်စားတတ်သည့် သဘောလည်းပါသောကြောင့် လူဖြစ်တန်ရာသည်။

ဆန်တဗြယ် ငွေတမတ် ကတော့ ခေတ်ကာလတခုက ဆန်ဈေး အဖိုးခငွေ တမတ် ကိုဆိုလိုသလား ဟု ဆဝါးကြည့်သည်။ သို့သော် နောက်တွင် လားမ မုချောန့်ငတ် ဟုထပ်ဆိုထားသဖြင့် ငွေတမတ်မှာ ဆန်တပြည် ကြိတ်ခ အတွက်ပေးရသော အဖိုးခလားဟုတွေးမိပြန်သည်။

ဆန်ကြိတ်သည်ကား မုန့် လုပ်ရန်ဖြစ်နိုင်သည်။ ဆန်တပြည် ငွေတမတ်ပေးရသဖြင့် ဈေးတက်ပုံရသည်။

ထို့ကြောင့် လားမ မှာ မုန့်ခြောက် မစားနိုင်ဟု ထင်သည်။ သို့သော်လည်း ဤသည်ကား ရောက်တတ်ရာရာ မှန်းဆချက်သာ ဖြစ်ချေသည်။

ထားဝယ် ကဗျာ ရွတ်ဆိုစရာ

November 11, 2025,

ဧသင်

ထားဝယ် ကဗျာ ရွတ်ဆိုစရာ

++++++++++++

ထားဝယ်တို့၏ ယဉ်ကျေးမှုရိုးရာများတွင် ပင်လယ်၊ ကမ်းရိုးတန်းဟူသော ပထဝီအနေအထား၏ ပတ်သက်ဆက်နွယ်မှုများရှိသည်။ ဦးရှင်ကြီးနတ်ကို ရေငံတရိုး ပိုင်ကာစိုးဟူသော ဝိသေသထူးနှင့် သိကြသည်။

ရေလုပ်ငန်းနှင့် အသက်မွေးမှု များစွာရှိကြသော ထားဝယ်တို့တွင်လည်း ဦးရှင်ကြီးနတ်ကို ကိုးကြသည်က ဓလေ့တခု။ သို့ရာတွင် ပင်လယ်ရေလုပ်ငန်းရှိသူတို့သာ ဦးရှင်ကြီးကို ပသကြသည်မဟုတ်။

ရေလုပ်ငန်းနှင့် အသက်မမွေးသော်လည်း၊ ပင်လယ်ကမ်းနှင့် နီးရာတွင် အခြေမချသော်လည်း ရိုးရာအရ ထုံးစံအရ ဦးရှင်ကြီးကို ပုံမှန်ပသကြသည့် ဓလေ့ကလေးများ ရှင်သန်နေဆဲပင်။

ဤကဗျာက သည်လို ဓလေ့ကို စုတ်ချက်ကြဲကြဲနှင့် ပုံဖော်လိုခြင်းမျှသာရယ်။

ဥရှင်ဂီးတန် လုဗြန်းဗြန်

ပုလဲငွေမို့ သဲရေစို့

ဥရှင်ဂီးတန်မယ်။

ကောန့်ညှင်း အောင်းသီး ပန်းဆီမီး

လေးတိုင်စင်မာ ပူဇော်ဝယ်။

သားငယ်လူဂီး ဝိုင်းဝိုင်းလည်

ဥရှင်ဂီးတန် လုဂဲ့မယ်။

ဆီမီးလေးတိုင် ပန်းလေးခိုင်

လတ်သွမ့်သွမ့်နာ့ နားထောင်ကွယ်။

ဆိုမပီးခန် လတ်ဟှဗြန်

ဦးရှင် ဗြန်းဗြန်ပ္လန်

ဥရှင်ဂီးစင် ဖ္လဲ ဖ္လဲစင်

စိပူရင်ဆာ နို့မိရှင်။

— — —

ထားဝယ်တွင် နယ်ဖက်တွင် ဦးရှင်ကြီးနတ်ပူဇော်ပသသည့် ပွဲကလေးသည် ပျော်စရာ။

ပုလဲငွေမို့ သဲရေစို့ ဟု နတ်ပင့်သူက ဆိုလိုက်သည်နှင့် ပသစရာများနှင့် ပြည့်နေသော လေးတိုင်စင်နံဘေး ဝိုင်းဝိုင်းလည်နေကြမည့် သူများက အသင့်အနေထားဖြစ်နေကြပြီ။

အုန်းသီးပြွန်းသော ကောက်ညှင်းမုန့်၊ ပန်း၊ ဆီမီး တို့နှင့် လေးတိုင်စင်။ ထိုစားသောက်ဖွယ်နှင့် အတူ အခြား အလှူပစ္စည်းများကို လုကြမည့် သူများကလည်း ကြိတ်ကြိတ်တိုး နေနိုင် သည်။

ယေဘုယျအားဖြင့်မူ လုကြသည့် ကလေးများသည် နတ်ပင့်သူက ဘာတွေဆိုနေသည်ကို အတိအကျ သိကြသည်လည်းမဟုတ်။ သူတို့က ဆီမီးလေးတိုင်၊ ပန်းလေးခိုင်ဟု ကြားလျှင် လုနိုင်ပြီဟု ထင်ကြ၏။

သို့ရာတွင် စိတ်မထိန်းနိုင်သူတယောက်က လက်ဦး၍ လုကြသည်နှင့် ကျန်သူများကလည်း လက်မနှေးကြလေရာ လေးတိုင်စင်ကလေးသည် လုကြသူများကြောင့် စက္ကန့်ပိုင်းအတွင် ဖရိုဖရဲ ဖြစ်သွားလေ့ရှိသည်။

နတ်ပင့်သူကား တယောက်တည်း ရွတ်ဆိုနေရလေ့ရှိသည်။

ဦးရှင်ကြီးကား ပသထားသည့် စားစရာများကို ကောင်းကောင်း သုံးရသည်လား မသုံးရသည်လားမသိ။ နတ်တင်သည့်အလှူရှင်မိသားစုမှ အသက်ကြီးကြီး မိရှင် ခေါ် အဖွား ကတော့ နတ်တင်ခြင်း အထမမြောက်မည်စိုး၍ ပူပင်နေရှာပေသည်။

ဤကား ထားဝယ်ကျေးလက် ဦးရှင်ကြီးနတ်တင်ခြင်း၏ မြင်ကွင်းကလေးပင်တည်း။

ပြန်၊ ပျံ – ပ္လန်

October 29, 2025,

နောန်ဖ္လူ

ထားဝယ်စကားမှာ လဆွဲသံ /လာ့ဆွဲသံ/ ဟာ စကားရဲ့ ထူးခြားတဲ့ ဝိသေသတခုဖြစ်ပါတယ်။

မြေ ကို မလေ (မ္လေ)၊ ကျောင်း ကို ကလွန်း (က္လောန်း) လို့ လဆွဲသံထည့်ပြောပါတယ်။

ဒီလိုပါပဲ ဗမာစကားမှာ သုံးတဲ့ ပြန် နဲ့ ပျံ ကို ထားဝယ် စကားမှာတော့ ပလန် (ပ္လန်) လို့ သုံးကြပါတယ်။

ထားဝယ်စကားမှာ ပြန်၊ ပျံ နဲ့ အသံထွက် ဆင်တာ တူတာမျိုးကို သုံးခဲလှပါတယ်။ ဒါပေမဲ့ လုံးဝ မသုံးတာမျိုးမဟုတ်ပါဘူး။
ဥပမာ ဘုန်းကြီးပျံ ကို ထားဝယ်စကားမှာ ဖောင်းဂီးဗျံ လို့ပဲ ထွက်ပြီး လဆွဲသံ မထည့်ပါဘူး။

အခုတလောမှာ ထားဝယ်စကားပြောသူတွေဆီက ပြန်၊ ပျံ ဆိုတဲ့ သဘောပါတဲ့ စကားကို လဆွဲသံပါတဲ့ ထားဝယ်စကားကို မသုံးဘဲ ဗမာစကား အသံအတိုင်း ပြန်၊ ပျံ ပဲသုံးလာတာ ခပ်စိပ်စိပ် ကြားရပါတယ်။

ဗမာ – အိမ်မပြန်သေးဘူးလား။ ပြန်မလာသေးဘူးလား။
ထားဝယ် – အီပ္လန်သေးဟှလာ။ ပ္လန်လာသေးဟှလာ။
ယခုကြားရသော ထားဝယ် – အီပြန်သေးဟှလာ။ ပြန်လာသေးဟှလာ။

ဘာသာစကားတွေရဲ့ သဘောဟာ အမြဲ ပြောင်းလဲနေတတ်ပါတယ်။

ခေတ်ကာလအရ ဝေါဟာရ အသစ်တွေ၊ ဗန်းစကားတွေ ပေါ်လာတတ်ပါတယ်။ မတူတဲ့ ဘာသာစကားတွေဆီက လွှမ်းမိုးမှုရှိတတ်သလို ဘာသာစကား အချင်းချင်း အပြန်အလှန် ရောထွေးပြီး မွေးစားစကားလုံးတွေ၊ ပေါင်းစပ်စကားလုံးတွေ ပေါ်လာတတ်တာ သဘာဝပဲဖြစ်ပါတယ်။

ဒါပေသိ ထားဝယ်စကားရဲ့ ဝိသေသ လဆွဲသံ ပျောက်လာမှာတော့ စိုးမိပါတယ်။ ဘာလို့ဆို ဘာသာစကားတခုဟာ ပြောတတ်တဲ့သူ ပြောဆိုသုံးစွဲနေသူတွေမှာပဲ ရှင်သန်နိုင်လို့ပါပဲ။

လဆွဲဗျည်းတွဲ နှင့် ထားဝယ်စကားသံ

April 24, 2025,

ဧသင်

ထားဝယ်စကားသံကို အနီးစပ်ဆုံးရေးကြည့်နိုင်ရန် မြန်မာစာ အက္ခရာများနှင့် စားလုံးပေါင်းစနစ်များ ရှေးမြန်မာကျောက်စာ အချို့ပါ စာလုံးပေါင်းပုံ၊ ရေးပုံကို စူးစမ်းကြည့်မိပါသည်။
ဤသို့ ဖတ်ကြည့်နေရင်းမှ ရှေးကျောက်စာများတွင် (ယနေ့ခေတ်ထားဝယ်များ သုံးနေသေးသော) လဆွဲသံ အရေးများကို သတိထားမိခဲ့သည်။ ထိုလဆွဲဗျည်းတွဲများ နောက်ပိုင်းတွင် မတွေ့ရတော့ဘဲ ပျောက်သွားသည်ကို တွေ့ရသည်။
ပုဂံခေတ်မှသည် အင်းဝခေတ်အထိရှိပြီး နောက်ပိုင်းကျောက်စာများတွင် မတွေ့ရတော့ပေ။
ဤသည်မှာ ပြောသည့်လေသံ၊ စကားသံ ပြောင်းလဲသွားခြင်းကြောင့်ဟုလည်း ယူဆသူများရှိသည်။ သက္ကရာဇ် ၈၀၀ ကျော်ကာလတွင် လအသံတိမ်ကောသွားသည်ဟု ဆိုသည်။
စိတ်ဝင်စားဖွယ်တချက်မှာ လဆွဲဗျည်းတွဲများကို က ဝဂ်ဗျည်းများနှင့် ပဝဂ်ဗျည်းများနှင့် ယှဉ်သည်ဟု မြန်မာစာအဖွဲ့က ဖော်ပြသော အချက်ဖြစ်သည်။
ထိုအသုံးမှာ ယခင်က ကျောက်စာများတွင် တွေ့ခဲ့ရပြီး နောက်ပိုင်းတွင် တိမ်ကောသွားသည်ဟုလည်း ဆိုထားသည်။
ထားဝယ်စကားသံတွင် လဆွဲ အသံသည် က ဝဂ်ဗျည်းအချို့ နှင့် ပ ဝဂ်ဗျည်းအချို့ သုံး၍ပြောသည့် စကားသံတွင် ရှိနေခြင်းပင်။
ဥပမာ –
က ဝဂ်ဗျည်းများတွင် က နှင့် ခ
/က္လ/ = ကျ။
/ခ္လ/ = ချ။ (ဂ၊ ဃ၊ င အသံတွင်မထင်ရှား)
ပ ဝဂ်ဗျည်းများတွင် ပ၊ ဖ၊ ဗ၊ ဘ နှင့် မ
/ပ္လန်/ = ပြန်
/ဖ္လူ/ = ဖြူ
/ဗ္လု/ /ဘ္လု/ = ပေါ့ရွှတ်ရွှတ်အရသာ
/မ္လီ/ = မြိန်
ထားဝယ်စကားသံကို မြန်မာစာနှင့် ရေးကြည့်လိုလျှင် ယခင်ပုဂံခေတ်မှ အင်းဝခေတ်အထိ အသုံးရှိခဲ့ဖူးသော လဆွဲဗျည်းတွဲများ သုံးပုံကိုကြည့်၍ စာလုံးပေါင်းကြည့်လျှင် နီးစပ်မည်ဟု ယူဆရသည်။
ဤလဆွဲသံမှာ ထားဝယ် စကားသံ၏ တမူထူးခြားသော လက္ခဏာတခုလည်း ဖြစ်ပါသည်။
 
📍ကိုးကား – https://web.archive.org/web/20180721073327/http://www.myanmarlanguagecommission.myn.asia/

ရှေးကျောက်စာအရေး နဲ့ ထားဝယ်စကားသံ

April 20, 2025,

ဧသင်

ဆရာဇော်ဂျီက ထားဝယ်တေးဟောင်းများ အကြောင်းရေးသားခဲ့ရာတွင် ထားဝယ်ဖက်တွင် ပြောကြသော စကားသံသည် ပုဂံခေတ် ကောင်းစားစဉ်အခါက ရေးထိုးခဲ့သော ကျောက်စာများရှိ မြန်မာစကားအချို့ နှင့် ဆင်တူ သည်ဟု ထည့်သွင်းခဲ့သည်။
ဆရာက လက်သည်းရှည်ဘုရားကျောက်စာတွင် မြေကို ‘မ္လေ’ ၊ ကျောင်းကို ‘က္လောင်း’ ဟု ဖော်ပြထားကြောင်း ဖော်ပြခဲ့သည်။ ဤသည်မှာ ထားဝယ်ဖက်က ပြောသံနှင့် ဆင်တူသည်ဟု ဆိုသည်။

ရှေးကျောက်စာအရေး နဲ့ ထားဝယ်စကားသံ

March 8, 2025,

ဆရာဇော်ဂျီက ထားဝယ်တေးဟောင်းများ အကြောင်းရေးသားခဲ့ရာတွင် ထားဝယ်ဖက်တွင် ပြောကြသော စကားသံသည် ပုဂံခေတ် ကောင်းစားစဉ်အခါက ရေးထိုးခဲ့သော ကျောက်စာများရှိ မြန်မာစကားအချို့ နှင့် ဆင်တူ သည်ဟု ထည့်သွင်းခဲ့သည်။

ဤတွင် ပုဂံခေတ်ကောင်းစဉ်က ထိုအရပ်၌ ကျင်လည်သူများ၏ စကားသံသည် မည်သို့ရှိမည်နည်းဟု အတွေးပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် အရေး နှင့် အသံထွက်မှာ ကွဲလွဲတတ်သော သဘောရှိခြင်းနှင့် ကျောက်စာရေးထိုးသော ခေတ်က အသံကို အသံသွင်းမှတ်တမ်းယူထားနိုင်ခြင်းမျိုး မရှိခြင်း တို့ကြောင့်ပင် ဖြစ်သည်။

ဆရာဇော်ဂျီက ထားဝယ်ဖက်ကပြောသော စကားတွင် (လ) သံနှော၍ပါသည်ကို ကျောက်စာအရေးနှင့် ထောက်ပြခဲ့သည်။ ဆရာက လက်သည်းရှည်ဘုရားကျောက်စာတွင် မြေကို ‘မ္လေ’ ၊ ကျောင်းကို ‘က္လောင်း’ ဟု ဖော်ပြထားကြောင်း ဖော်ပြခဲ့သည်။ ဤသည်မှာ ထားဝယ်ဖက်က ပြောသံနှင့် ဆင်တူသည်ဟု ဆိုသည်။

ထိုသို့ ဆင်တူသည်ဟူသော အချက်ကို စိတ်ဝင်စားမိသည်နှင့် လက်လှမ်းမီရာ ကျောက်စာ တချို့ကို ဖတ်ဖြစ်ရာ အောက်ပါအတိုင်း တွေ့ရသည်။ (သတိပြုမိသည်မှာ ကျောက်စာအများစုတွင် ယခုခေတ်ကဲ့သို့ ဝစ္စနှစ်လုံးပေါက်ကို သုံးခြင်း မရှိပေ။)

သက္ကရာဇ် ၈၀၁ ခုက ကျောင်းကို မြေလှူသော ကျောက်စာ (စစ်ကိုင်းမြို့ ထူပါရုံ ကျောက်စာရုံရှိ အမှတ် ၃၅(က၊ခ)) နှင့် ပိတူသင်္ဃရာဇာကျောင်းကျောက်စာ (၈၀၁ ခု)၊ ပိတူးသင်္ဃရာဇာ စည်းခုံ ကျောက်စာ (၈၀၃ ခု) များတွင်

– မြေ (မ္လေ)

– ကျောင်း (က္လောင်)

– ထီးဖြူ (ထီဖ္လူ)

– ချွတ် (ခ္လ္ွတ်)

– ကျွတ်လွတ် (က္လ္-ွတ်)

– ကျစွာ (က္လ်စွာ) (က္လစွာ)

– မြေးရင်း (မ္လေရင်)

– ကျိုးပဲ့ (က္လိုဝ်ပဲ)

ဟူသော အရေးကို တွေ့ရသည်။ (ဖောင့် နည်းပညာ အခက်အခဲကြောင့် အချို့သော စကားလုံးများကို မူလ ကျောက်စာပါ အတိုင်း ရေးပြရန် မဖြစ်နိုင်ပါ။ ပို၍ ရှင်းလင်းစေရန် ပုံတွင် ကြည့်နိုင်ပါသည်။) ထို့အပြင် အချို့သော ကျောက်စာများတွင်လည်း

– ဖျင်ဖြူ (ဖျင်ဖ္လူ)

– ဆင်ဖြူ (ဆင်ဖ္လူ)

– ကျောက်ဖျာ (က္လောက်ဖျာ)

– ပြု (ပ္လု)

– ဖြည့် (ဖ္လည်)

– ပြန် (ပ္လန်)

အစရှိသော အရေးအသားများကို တွေ့ရသည်။ ထားဝယ်စကားသံပါ (လ) သံထည့်ဖတ်လျှင်ကား ဖတ်ရသည်မှာ မခက်ဘဲ ဆိုလိုရင်းကို သဘောပေါက်လွယ်သည်ဟု ခံစားရသည်။

သတိထားမိသည်မှာ ဖြစ် ကိုလည်း (ဖ္လစ်) ၊ ကျပ် ကို (က္လပ်)ဟုလည်း သုံးထားသည်။

အလှူပြု၍ ရေစက်ချသည်ကိုလည်း ( ရေစင်တ် ခ္လ ၏ ) ဟူသော အရေးမျိုးလည်း စိတ်ဝင်စားဖွယ် တွေ့ရသည်။

(က္လောက်တံတိုင် )ဟူသော အရေးလည်း တွေ့၍ ကျောက်တံတိုင်းကို ဆိုလို သလားဟုလည်း တွေးမိသည်။

ထိုအရေးမျိုးကို ထားဝယ်သူ/သားများအဖို့ ဖတ်၍ နားလည်ရန်ခက်မည် မထင်ပါ။ သို့သော်လည်း ထိုခေတ်က ထိုအရေးအတိုင်းပင် ပြောခဲ့ကြသလားဟူသည်ကား မေးခွန်းကြီးပင်။ တဖက်တွင်လည်း အပြောအတိုင်းပင် ရေးခဲ့ နိုင်သည် ဟူသော ယူဆချက်လည်း ရှိနေသည်။

ဖတ်ရန်များစွာ ကျန်သေးသော်လည်း ဖတ်မိသမျှတွင် ဤသို့သော စိတ်ဝင်စားစရာ အချက်အချို့ကို မျှဝေလိုက်ပါသည်။

📑ကိုးကား။

ရှေးဟောင်းမြန်မာကျောက်စာများ၊ ပဉ္စမတွဲ၊ ဦးငြိမ်းမောင် (၁၉၈၇)၊ ရှေးဟောင်းသုတေသနဦးစီးဌာန။

စာပေလောက၊ ထားဝယ်တေးဟောင်းများ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ စိတ်ကူးချိုချိုစာပေ

ထားဝယ်အသုံးအချို့ကို ခြေရာကောက်ကြည့်ခြင်း

February 8, 2025,

စာရေးသူ၏ အဖွားသည် အသက် ၈၀ နား ကပ်နေပေပြီ။

တစ်ခါတရံ သူပြောသော ထားဝယ်စကား အသုံးအချို့ကို ကျနော်တို့ သဘောမပေါက်သဖြင့် ပြန်ပြန်မေးသည်။ ဤသည်ကား အသက်အရွယ်၊ မျိုးဆက်၊ ခေတ်ကာလ နှင့် နေရာ မတူသောကြောင့် အသုံးအနှုန်း ကွာသွားသည်ကို ပြနေသည်ဟု မှတ်ယူပါသည်။

သရက်ချောင်းဇာတိ အဖွားသည် လောင်းလုံးဒေသဘက်ခြမ်းနေသူများကို အနောက်ဖက်သူ/သား ဟု ညွှန်းလေ့ရှိသည်။ အဘယ်ကြောင့် ဤသို့ခေါ်သည်ကို မေးကြည့်ရာ ထားဝယ်မြစ်ကြီး၏ အရှေ့ဖက်ကမ်းနှင့် အနောက်ဖက်ကမ်းကို ခြား၍ ခေါ်သော အသုံးဖြစ်ကြောင်း သိရသည်။

အဖွားသုံးတတ်သော စကားနှစ်လုံးသည် ကျနော်တို့အဖို့ အနည်းငယ် နားလည်ရန် ခက်နေတတ်သည်။ ထိုစကားလုံးများမှာ /ကောင်/ နှင့် /ရှောက်/ ဖြစ်ကြသည်။ မြန်မာပြန်လျှင် ကုံ နှင့် ကိုင်(ဆုပ်) ဟု ပြန်လျှင် အဆင်ပြေမည်ဟု ထင်ပါသည်။

ဥပမာ

ထားဟှားလတ် ရှစ်သား/ဟှား ရှောက်ဟှား ကေ့ကေ့ (ဓါးတလက်ခဏ ကိုင်ပေးထားပါ)

အယ်မာစောန်ဝါ့ ခြောင်ဟှိ ကောင်ဟှမား (ဒီစောင်က ခြုံလို့ မလုံဘူး)

/ရှောက်/ ဟူသော စကားလုံးကို မြန်မာပြန်ကြည့်ရာတွင် ဆုပ် (ဆုပ်ကိုင်) သည်ဟု ကျနော် ယူဆမိသည်။ ကျနော့်အနေဖြင့် ထိုအသုံး /ရှောက်/ ကို နေ့စဉ်သုံးအဖြစ် သုံးလေ့မရှိပါ။

ထို့အတူပင် /ကောင်/ ဟူသော စကားလုံးကိုလည်း သုံးလေ့မရှိပါ။ မြန်မာစာဖြင့် ထိုစကားလုံး၏ အသံကို အနီးစပ်ဆုံး /ကောင်/ ဟု ရေးကြည့်သော်လည်း အသံထွက်မှာ အတိအကျမဟုတ်ဘဲ နီးစပ်သည့် အသံသာ ဖြစ်ပါသည်။ /ကောင်/ သည် ကုံ(ကုံလုံ) သည်ဟု အနီးစပ်ဆုံး ယူဆမိသည်။ မြန်မာစကားနှင့် အဓိပ္ပာယ်ဖော်ကြည့်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထို /ကောင်/ ၏ အဓိပ္ပါယ်မှာ လုံလောက်သည်ဟု ထွက်နေ၍ ဖြစ်သည်။

အဖွားသည် စောင်အသစ်တထည်ကို ခြုံကြည့်ရာ သူ၏ရှည်သော အရပ်ကြောင့် စောင်မှာ တိုနေ၏။ ထိုသို့သော အခြေအနေတွင် ဒီစောင်က ခြုံလို့ မလုံဘူးဟု ဆိုသည်။ မိုးရွာနေစဉ် ထီးဖြင့် အပြင်ထွက်ရာ ထီး မလုံသဖြင့် အဖွား၏ကိုယ်တွင် ရေစိုလာလျှင် ဒီထီးက မလုံဘူးဆိုသည်ကိုလည်း /သယ်ထီးဟှ ကောင်ဟှမား/ ဟု ဆိုလေ့ရှိပါသည်။

စကားလုံးများ၏ ရင်းမြစ် အဓိပ္ပါယ်ကို ဖော်ကြည့်ခြင်းသာ ဖြစ်သည်။ ထိုဝေါဟာများကို သုံးသူများ မရှိတော့လျှင် တိမ်မြုပ်ပျောက်ကွက်သွားမည်သာ ဖြစ်ပါသည်။

ထားဝယ်စကားအလှ

January 25, 2025,

ဧသင်

မြန်မာစာကို အခြေခံ၍သာ ထားဝယ်စကား၌ အသံထွက်တူသော်လည်း သုံးသည့်နေရာအလိုက် အဓိပ္ပါယ်ကွာသွားနိုင်သည့် စကားလုံးများကို မျှဝေလိုပါသည်။

ထားဝယ်စကားအလှ

January 6, 2025,

Tanintharyi Gallery

အင်္ဂလိပ်စကားလေ့လာရာတွင် စာလုံးပေါင်းမတူ၊ အနက်မတူသော်လည်း အသံထွက် ဆင်တူသည့် (Homophone) စကားလုံးများကို လေ့လာကြရသည်။ အင်္ဂလိပ်စကား၏ အလှတမျိုး ဖြစ်သည်။ ထားဝယ်စကားတွင်လည်း ထိုသို့ စကားလုံး အလှကလေးများ ရှိမလားဟု တွေးမိရာ များစွာရှိနိုင်သည်၊ ရှိနေသည်ကို သတိထားမိလာသည်။

လတ်တလောတွင် အများလက်ခံ၍ ကျယ်ပြန့်စွာသုံးနေသည့် စံထားဝယ်စာ မရှိသေးသည့်အတွက် အသံထွက်တူ စကားလုံးများအတွက် စာလုံးပေါင်းတူ/မတူကို မဆွေးနွေးနိုင်သေးပါ။ ထို့ကြောင့် မြန်မာစာကို အခြေခံ၍သာ ထားဝယ်စကား၌ အသံထွက်တူသော်လည်း သုံးသည့်နေရာအလိုက် အဓိပ္ပါယ်ကွာသွားနိုင်သည့် စကားလုံးများကို မျှဝေလိုပါသည်။

ပထမဆုံးတွေးမိသည့် စကားလုံးမှာ /ရှစ်/ ဟူသော စကားလုံးပင်။ ထိုစကားလုံးသည် ‘ချစ်’၊ ‘ချက်’၊ ‘ရှက်’၊ ‘သရက်’ နှင့် ‘ခဏ’ ဟူသော အဓိပ္ပါယ်မျိုးကို ညွှန်းနိုင်ကြောင်း သတိထားမိသည်။

နန့်ဝိုငါ ရှစ် ဟယ်/ဟှယ်/ရယ်။ (နင့်ကိုငါ ချစ်တယ်။)

ကြစ်သားဟန်း ရှစ် စားမယ်။ (ကြက်သားဟင်း ချက်စားမယ်။)

လူကြားထဲမာ က ပြရဝို ရှစ် ဇာ့။ (လူကြားထဲ ကပြရတာ ရှက်တယ်။)

ပိထောန်းနာ့ ရှစ်ကန်း လိုက်ဇာ့။ (ငပိထောင်းနှင့် သရက်ကင်း လိုက်ဖက်တယ်။)

ထားဟှားလတ် ရှစ်ရား/ဟှား ငှားဘာ။ (ဓါးတလက် ခဏလောက်ငှားပါ။)

/ဗြန်/ ဟူသော အသံလည်း ရှိသည်။ တချိန်ကတော့ ထို စကားလုံးသည် ငွေ၊ ပိုက်ဆံကို ညွှန်းသည်။ ဗြန် သည် ‘မြန်’ ဟူသော အဓိပ္ပာယ်မျိုးလည်းဆောင်သည်။ သို့သော် မြန်မြန် ဟုဆိုသောအခါ ‘ဗြန်းဗြန်’ ဟု သုံးသည်။

ဗြန်လိုနေရယ်/ဟှယ် (ငွေ/ပိုက်ဆံလိုနေတယ်) (ယခုအခါသိပ်မသုံးတော့)

ဗြန်လိုနေရယ်/ဟှယ် (အလျင်လိုနေတယ်) (အသုံးများ)

သတိရမိသော စကားလုံးတခုမှာ /ရှောက်/ ဖြစ်သည်။ ‘ရှုပ်’ သည်ဟုအနက်တွင်သည်။ ထို့အပြင် ‘ကိုင်’၊ ‘ဆုပ်’ စသည့် အဓိပ္ပါယ်မျိုးကို ဆိုလိုရာတွင်လည်း သုံးသည်။

ဆေးထဲမာ လူရှောက် ဇာ့မား။ (ဈေးထဲမှာ လူရှုပ်ပါလား)

ထီးရား/ဟှားဇင်း ရှစ်သား ရှောက်ဟှားပေး ကေ့ကေ့။ (ထီးတစင်း ခဏလောက် ကိုင်ထားပေးပါ)

အထက်ပါစကားလုံးများမှာ ဥပမာသာ ဖြစ်ပါသည်။ စာရှုသူများတွင် အခြားသော စကားလုံးများစွာ၊ စဉ်းစားချက် များစွာ ရှိနိုင်ပါသည်။