ထားဝယ်ဒေသအတွင်းက စိတ်ဝင်စားဖွယ် ရပ်ရွာအမည်တွေ

February 13, 2026,

Tanintharyi Gallery

ထားဝယ်ဒေသအတွင်းက ရပ်ရွာအမည်တွေကို လေ့လာရင် စိတ်ဝင်စားစရာ၊ တွေးဆစရာ​တွေ အများကြီးတွေ့ရတတ်တယ်။

ရပ်ရွာအမည်တွေ မှည့်ခေါ်ပုံက အတ္ထဗေဒအမြင်အရ ထူးခြားသလို တချို့အမည်တွေက ဒေသတွင်းမှာ အနည်းဆုံးနှစ်နေရာလောက် အမည်တူနေတာမျိုးတွေ့ရတတ်တယ်။

သာဓကအနေနဲ့ဆိုရင် ​သာဂရမြို့ဟောင်းရွာက ဆင်ပုနစ်ရွာ (ဆင်နစ်) အမည်ကို ထားဝယ်မြို့ပေါ်မှာ ဆင်ပုနစ်ရပ်ကွက်အမည်နဲ့တွေ့ရတာမျိုး။ ဒါကတော့ရှင်းပါတယ်။ သာဂရမြို့ကို ထားဝယ်မြို့အဖြစ် ထားဝယ်မြစ်အရှေ့ဘက်ကမ်းကို ပြောင်းတည်လို့ မြို့ဟောင်းကအမည် ပါလာတာမျိုးကိုး။

ရေဖြူမြို့နယ်ဆိုရင်လည်း လောင်းလုံးမြို့နယ်ထဲမှာ ​”အောက်ရေဖြူ” ဆိုပြီး ကျေးရွာကြီးတစ်ခုအမည်အဖြစ်တွေ့ရပြန်တယ်။

အဲလိုပဲ ရေဖြူမြို့နယ်ထဲက မင်းဒပ်၊ ရငဲ ရွာအမည်တွေကို သရက်ချောင်းမြို့နယ်မှာလည်းတွေ့ရပြန်ရော။ တကယ်ဆို တောင်နဲ့မြောက် ကွာခြားတဲ့နေရာတွေ။

ဝဇွမ်းတော၊ ဝဇွမ်းချောင်းဆိုတဲ့ အမည်ပါရွာတွေလည်းတွေ့ရတတ်ပါသေးတယ်။

ဒါက လျှပ်တစ်ပြက်စဥ်းစားမိတာလေး တွေးဖြစ်တာပါ။ အခြားနေရာလေးတွေလည်း ရှိဦးမှာပါ။ ဘာကိုအစွဲပြုပြီးမှည့်ခေါ်ခဲ့ကြတာလဲ။ ရွာအမည်ရဲ့နောက်မှာ ဘယ်လို သမိုင်းကြောင်းတွေရှိခဲ့လဲဆိုတာက စိတ်ဝင်စားစရာပါ။

မိတ်ဆွေတို့ဝန်းကျင်မှာရော ဒီလို အမည်တူရွာလေးတွေ တွေ့ရပါသလား။ မျှဝေပေးခဲ့ချင်ပါတယ်။

ဒီကတစ်ဆင့်ကျွန်တော်တို့ ရပ်ရွာ သမိုင်းကြောင်းလေးတွေ လေ့လာကြရအောင်ပါ။

ထားဝယ်တေးကဗျာ ရွတ်ဆို ပြိုင်ပွဲဆုရ ဗီဒီယိုတွေကို ပြန်လည်ဖော်ပြလိုက်ပါသည်။

February 5, 2026,

Tanintharyi Gallery

ဖော်ပြထားသော Tanintharyi Gallery ၏ Youtube တွင် ဝင်ရောက်ကြည့်ရူ အားပေးနိုင်ပါသည်။

ပထမဆု – လူမဲ ( လန်မြား )

ဒုတိယဆု – ဖိုးလူလှနဲ့ ဖိုးလူဗျစ် ( ခေးပ္လန်းပ္လန်း )

တတိယဆု – မိစုငယ်ဟား အဖွဲ့ ( ခေးပ္လန်းပ္လန်း )

နှစ်သိမ့်ဆု (၁) – ဒဝယ် သားသား ( ခ္လေးပ္လန်းပ္လန်း )

နှစ်သိမ့်ဆု (၂) – Mee Zin ( မှန်းမ္လီဇား က္လီးနား )

ထားဝယ်တေးကဗျာ ရွတ်ဆိုပြိုင်ပွဲကို ထားဝယ်သူ၊ သားတို့ အမှတ်သရုပ်လက္ခဏာနှင့် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့များကို သက်ဆိုင်ရာဒေသခံများ၏ ပါ၀င်မှုဖြင့် မှတ်တမ်းတင်နိုင်ရန်၊ ဖော်ထုတ်နိုင်ရန်၊ အများပြည်သူသိရှိ လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

မှန်းနဲထိုး

February 3, 2026,

ဧသင်

ဗိုးဒွဲလ အေးဆိုးဇာ့ခါ

ဝှေ့ လူလေ

မှန်းနဲ ထိုးမယ်လာ။

ကောန့်ညှင်း အောင်းသီး

ရှင်း ဆီ နှမ်းပါ

မ္လေဗဲ လေးညှင်း စောင်အောန်ယူလာ။

မိုးဗ္လဲဒယ်ဂီး ကောန့်ညှင်းပျော့ဟှာ

အားဂီးခွန်ခံ့ လူသန်လေလာ။

သစ်ယောန့်မဂီး မားမာယူလာ

ထိုးဂေ့ဟေ့ ကောန့်ညှင်းစေးစေးမာ။

ထိုးသားကောန်းဂေါန်း ရသာနှံ့ခါ

မှန်းနဲနံ့ မွှီးမွှီးဒတ်လာ

လတ်ပန်းက္လ စားရခါနီးမာ။

ပူဒူး နွဲ့ဒူး စားကေ့ကေ့ဗာ

ရသာဆိဆိ ဆီရွှဲရွှဲမာ

စားဟှိကောန်းဇာ့ မှန်းနဲ ရာသီဇာ။

ဧသင် (ခေတ္တ ဟွေး)

(၁၃ ရက် ဇန္နဝါရီလ ၂၀၂၆)

ရာသီက အေးပါဘိသနဲ့။ သည်ကာလ ထမနဲတွေ ထိုးကြ၊ စားကြ၊ ရာသီစာ လှိုင်လှိုင်ပေါတာပါ။ ထမနဲ ကို မိုးပြဲဒယ်ကြီးနဲ့ လူသန်ကြီးတွေ ဝိုင်းလို့ ဝန်းလို့ ချွေးပြိုက်ပြိုက်ကြအောင် ထိုးကြ၊ ရေကိုင်ဆရာရဲ့ စကားကို လိုက်နာလို့ အချိန်ကိုက် ဝိုင်းလုပ်ကြရတဲ့ စုပေါင်းလုပ်ကိုင်တဲ့ ဓလေ့ပါဝင်တဲ့ ရာသီစာပါ။ ဒါလေးကိုပဲ ကဗျာဖွဲ့လိုက်တာပါ။

ခ္လေး ပ္လန်းပ္လန်း

December 2, 2025,

ဧသင်

ခ္လေးပ္လန်းပ္လန်း ကို မြန်မာမှုပြုလျှင် ကိုယ်လုံးတီး ဟု အဓိပ္ပာယ်ရသည်။ မိစု၊ ဖစု သည် ထားဝယ်ဒေသတွင် ကလေးငယ် များကို ချစ်စနိုးခေါ်ဝေါ်သော အသုံး။ ထိုငယ်နာမည်က ကြီးသည်အထိ စွဲသွားပြီး အရပ်နာမည်လည်း ဖြစ်သွားတတ်သည်။ ဥပမာ နောန်ဖစု၊ မယ်းမိစု။ ဤကား စကားချပ်။

ကဗျာကတော့ ခပ်ငယ်ငယ် ကလေးအရွယ် အဝတ်မပါ ဆော့ကစားခြင်းကို ဖော်ညွှန်းခြင်းရယ်ပါ။ ငယ်သေးတော့ ပုခက်ထဲလည်း အိပ်တယ်။ နေ့ဖက် နေပူတုန်းဆော့ကစားကြတော့ အဝတ်ရယ်မပါ ကိုယ်ဗလာကျင်းသပေါ့။ အရှက်ရယ် အကြောက်ရယ် မသိသေးတဲ့ အငယ်တို့ ဟိုနားသည်နား ကိုယ်ဗလာနဲ့ လည်လည်လည်း သွားတတ်သေးသပေါ့။

သည်လိုဖြင့် အိမ်နီးနားချင်း တယောက်ယောက်က ထိုကလေးတို့ကို အဝတ်ဗလာနဲ့မို့ ပြက်ရယ်ပြုတယ်။ ရယ်ပွဲဖွဲ့တယ်။ သည်လိုနဲ့ ဝိုင်းရယ်တဲ့သူတွေက များလာလေတော့ ထိုကလေးငယ်တွေက ဝမ်းပမ်းတနည်း ငိုတော့တာပေါ့။ ကဗျာကတော့ ဒါပါပဲ။ ငယ်ဘဝ စိတ်ကူးနဲ့ ပြန်တွေးကြည့်တော့လည်း ခပ်ရှက်ရှက်ရယ်လေ။

ခ္လေး ပ္လန်းပ္လန်း

မိစု ဖစု ခပ်ငယ်းငယ်
ခပ်ထဲမာ အိဟှယ်
နေ့ဖန့် ပူဒူး ဆော့ကာဇား
ခ္လေး ပ္လန်းပ္လန်းနာ့မား။

ရှစ်မှေ့ ကြော့မှေ့ သားဂန်းငယ်
ခ္လေးပ္လန်းပ္လန်းနာ့ အီးခယ်လယ်
ကူးရူး ကူးရူး ဝိုင်းရယ်ဇား
အိုင်းအိုင်းရှစ်အောန် ငိုခ္လ မား။

ထမင်းမြိန်စား ကျီးက နားနှင့်

November 30, 2025,

ဧသင်

ထားဝယ်တေးဟုဆိုသော ဝါလိုက်ပါတော့မိုး နှင့် ကျွဲသားနှစ်ကောင် (ကွဲသားနှေ့ကောန်)တို့ကို မြန်မာစာ ကျောင်းသင်ခန်းစာများနှင့် အသိများကြသည်။

တကယ်တော့ ထားဝယ်စကားပြောသူများ အကြား ကဗျာစပ်ဆိုမှုမှာ ထင်ထင်ရှားရှားကြီး ရှိမနေဟု ခံစားမိသည်။

ဆိုစရာ ရွတ်စရာ တသစရာ ခံစားစရာ ထားဝယ် ကဗျာများကို အာသီသပြင်းပြနေမိသည်။ ထို့ကြောင့် ရင်ထဲကပေါ်လာသော အရာအချို့ကို ချရေးလိုက်သည်။

ပင်လယ်ဆီက ထားဝယ်ကဗျာ

November 27, 2025,

ဧသင်

ထားဝယ်နှင့် ပင်လယ်ကြီးသည် ခွဲ၍မရ။ ထားဝယ်သူ/သားတို့၏ လူမှုစီးပွား ယဉ်ကျေးမှု အခြေအနေတို့သည် ပင်လယ်နှင့် ဆက်စပ်နေသည်။ ဤကဗျာကလေး၏ ဖြစ်တည်မှုမှာလည်း ပင်လယ်ကြီးနှင့် ဆက်စပ်နေပါသည်။

ပင်လယ်ပြင်ကြီးအကြောင်း၊ ငါးဖမ်းလုပ်သား မိသားစုများအကြောင်း လေ့လာရန် ထွက်ခဲ့ဖူးသော ခရီးများ၊ စပ်စုမိသော၊ မြင်မိကြားသိရသော ဇာတ်လမ်းများထဲက တခုကို ပြန်ခံစား၍ ရေးဖွဲ့ရာက ဤကဗျာကလေး မွေးဖွားလာ၏။

လန်မြား

မိုးရိ မည်းမည်း ၊ပန်လယ်ဗ္လန်

မိစု စိပူပန်။

သူလန်နောန်မဲ ငါးထွမ့်ဆွဲ

လှေဂန်းဟှားနာ့ သူ့ယောန့်တည်း။

လှေဟှ ကြမ်းလာ မိုးဟှဝါ

သူ့လူနောန်မဲ ပ္လန်မလာ

လတ်ဆစ်ဖ္လန့်ဗီး မိုးကြိုးပစ်

မိစု အိုင်းအိုင်းရှစ်။

ဥရှင်ဂီး နာ့ မယ်းရှင်မ

မိစုရှိခိုးခ္လ။

ငိုဟှိကောန်းဒူး ခေါ်သံကြား

နောန်မဲ တံငါပေါ်လာမား

မိစုမျစ်နှာ ဝမ်းဒတ်ဟှား

ပိုက်မာမိလာ ငါးများများ။

—-

လင်မယား။ မယားနှင့်လင်၏ သံယောဇဉ်ကို အဖြစ်အပျက်ကလေးနှင့်တွဲ၍ ဖော်ပြလိုရင်းပင်။ ကိုတံငါ၏ ဇနီးက မိစုဟု အမည်တွင်။ ထိုအမည်ကား ထားဝယ် အမျိုးသမီးများစွာ၏ အမည်ပင်။

အထူးသဖြင့် ငယ်ရွယ်သော ကလေးမများကို ခေါ်ဝေါ်သော အမည်ဖြစ်ပြီး ကလေးမဟုတ်သော အမျိုးသမီးများကိုလည်း ဒေါ်မိစု၊ မမိစုဟု၍လည်း ငယ်နာမည်၊ အိမ်ခေါ်၊ အရပ်ခေါ်နာမည်ကို စွဲ၍လည်း ခေါ်တတ်ကြသည်။

ကဗျာကားဤသို့။ မိုးရိပ်မိုးသားများ ထူထူထဲထဲနှင့် မှိုင်းမှောင်နေသော ပင်လယ်။ သည်လို ရာသီဥတု အခြေအနေမျိုးကို မိစု စိတ်ပူပင်၏။

သူ၏ အမျိုးသား ကိုနောင်မဲကား တံငါလှေကလေးနှင့် ငါးဖမ်းရန် တယောက်တည်း ပင်လယ်ထွက်သွားခဲ့သည် မဟုတ်လော။ လေကြမ်းတိုက်လာပြီး မိုးကသည်းတော့၏။

ကိုနောင်မဲကား ပေါ်မလာသေး။ လျှပ်စီးများလက်၊ မိုးများခြိမ်းကာ မိုးကြိုးပစ်သံတညံညံဖြင့် ရာသီဥတုက ခက်ထန်သလို မိစု မှာလည်း ယောက်ျားဖြစ်သူအတွက် စိုးရိမ်ပူပန်ရခြင်း၊ လျှပ်စစ်မိုးကြိုးတို့ကို ကြောက်ရွံ့ခြင်းတို့ကြောင့် ဝမ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုကြွေးမိသည်။

သူ၏ လင်တော်မောင် ဘေးဘယာဝေးကွာစေဖို့ ပင်လယ်တရိုး ပိုင်ကာစိုးသော ဦးရှင်ကြီးနတ်နှင့် မယ်းရှင်မနတ်တို့ကိုလည်းရှစ်ခိုးဦးချ တောင့်တခယ၏။

အငိုမတိတ်မီပင် နောင်မဲ၏ ခေါ်သံကို မိစု ကြားလိုက်ရရာ အလွန်ပင် ဝမ်းသာသွားရ စိတ်ထဲက အလုံးကြီးကျသွားရ၏။ သူမ၏ မျက်နှာကား ဝင်းလက်လာပေ၏။ ပိုက်တွင်မိလာသော ငါးကလည်း အတော်များသည်ကိုး။

ခေတ်သစ် ထန်းရယ်ခါး

November 21, 2025,

နောန်ပြည့်၀

ထန်းရယ်ခါး ထန်းရယ်ခါး

ဒ၀ယ်မာ ပေါဇမား

ပေါဟီထိ စစ်စစ်နဲ

ယစ်ဆေးခတ်မား ခဲ။

တုလေပေါဇ သယ်ခေတ်မာ

ထန်းရယ်ခါးလည်း ပါ

ထန်းရယ်ရောန်းမား သွားကေ့ကေ့

ဒ၀ယ်သား ယော့န်လဲမှေ့

ဂံလေခဲ ရောင်းနေဂေ့။

အယ်ခေတ်အယ်ခါ ထန်းတဲမာ

ရေသန့်ဗူးဟို့ ခွက်လုပ်လာ

အော့အော့ညှစ်ညှစ် သော့ရဟို့သေး

နို့မယ်ဝေး . . . နို့မယ်၀ေး

ထန်းရယ်ခါး ပိဿာပေး။

ထားဝယ်ကဗျာ ဆိုစရာ

November 20, 2025,

ဧသင်

ဆောင်းသည် မပီသသေး။ မိုးကလေးကလည်း သံယောဇဉ်မပြတ်ချင်ချင် ဖြစ်နေသော ဥတုရာသီ။ ထိုသို့သော အချိန်ကာလ တနေ့သ၌ မိုးများစွာသွန်းလေသဖြင့် ထားဝယ်ကို လွမ်းသော စိတ်တို့ တားမရအောင်ဖြစ်မိ၏။

ထိုအလွမ်းများကို အရင်းပြု၍ ထားဝယ်အကြောင်းတွေးတောကာဖြင့် ရွတ်ဆိုစရာကဗျာကလေးများ ချရေးဖြစ်နေမိသည်။ ထိုအထဲမှ ကဗျာ တစ်ပုဒ်ကို မျှဝေလိုက်ပါ၏။

ထန်းရယ်ရာသီ

ထားဝယ်မာ ထန်းဗန်ပေါ

မိုးကူဗီဆို

ညစ်တပ်ကောန်း

မိုးလန်းရယ်ရှို ကောန့်ညှင်းဗောန်း။

နေ့ဖတ် နေဒန် ရယ်ခါး က္လ

လဲဗ္လန်တဲမာ လူစယ်ဇာ့

ပဲဂီးဇေ့န ကွမ့်ခြော်ရ

ဗြိုးဇာကောန်းန များများချ

ထန်းဗန်တပ်မား အုဒတ်ဇ။

—–

ထားဝယ်တွင် ထန်းပင်ပေါ၏။ ပေါနေသေး၏။ မိုးလေကင်းလွတ်သော် ထန်းရာသီ အသက်ဝင်လာပြီ။

ထို့ကြောင့် ကဗျာတွင် ထားဝယ်တွင် ထန်းပင်ပေါကြောင်း၊ ထန်းလျက်လည်း ချက်နိုင်ကြောင်း၊ မနက်ခင်းတွင် ထန်းရည်ချိုကို ကောက်ညှင်းပေါင်းနှင့် တွဲ၍ စားနိုင်သလို၊ ‌နေမြင့်လာချိန် နေ့ခင်းနှင့် ညနေတွင် ထန်းရည်ခါး ရကြောင်း၊ လယ်ခင်းယာပြင်ရှိ ထန်းတဲ (ထန်းရည်ရသောတဲ)များတွင် လူစည်တတ်ကြပြီး ပဲလှော်နှင့် ကြွက်ကြော် အမြည်းကောင်းကောင်း ရနိုင်ကြောင်း၊ အမြည်းကောင်းဖြင့် များများ သောက်သုံးကြသဖြင့် ထန်းတက် သမား သည်လည်း လွန်စွာ မောပန်းရနိုင်ကြောင်းကို ထည့်ဖွဲ့ထားပါသည်။

ပြန်၊ ပျံ – ပ္လန် ( ထားဝယ်ပေါ့ကတ်စ် )

November 15, 2025,

နောန်ဖ္လူ

ထားဝယ်စကားမှာ လဆွဲသံ /လာ့ဆွဲသံ/ ဟာ စကားရဲ့ ထူးခြားတဲ့ ဝိသေသတခုဖြစ်ပါတယ်။

မြေ ကို မလေ (မ္လေ)၊ ကျောင်း ကို ကလွန်း (က္လောန်း) လို့ လဆွဲသံထည့်ပြောပါတယ်။

ဒီလိုပါပဲ ဗမာစကားမှာ သုံးတဲ့ ပြန် နဲ့ ပျံ ကို ထားဝယ် စကားမှာတော့ ပလန် (ပ္လန်) လို့ သုံးကြပါတယ်။ ထားဝယ်စကားမှာ ပြန်၊ ပျံ နဲ့ အသံထွက် ဆင်တာ တူတာမျိုးကို သုံးခဲလှပါတယ်။

ဒါပေမဲ့ လုံးဝ မသုံးတာမျိုးမဟုတ်ပါဘူး။

ဥပမာ ဘုန်းကြီးပျံ ကို ထားဝယ်စကားမှာ ဖောင်းဂီးဗျံ လို့ပဲ ထွက်ပြီး လဆွဲသံ မထည့်ပါဘူး။

အခုတလောမှာ ထားဝယ်စကားပြောသူတွေဆီက ပြန်၊ ပျံ ဆိုတဲ့ သဘောပါတဲ့ စကားကို လဆွဲသံပါတဲ့ ထားဝယ်စကားကို မသုံးဘဲ ဗမာစကား အသံအတိုင်း ပြန်၊ ပျံ ပဲသုံးလာတာ ခပ်စိပ်စိပ် ကြားရပါတယ်။

ဗမာ – အိမ်မပြန်သေးဘူးလား။ ပြန်မလာသေးဘူးလား။

ထားဝယ် – အီပ္လန်သေးဟှလာ။ ပ္လန်လာသေးဟှလာ။

ယခုကြားရသော ထားဝယ် – အီပြန်သေးဟှလာ။ ပြန်လာသေးဟှလာ။

ဘာသာစကားတွေရဲ့ သဘောဟာ အမြဲ ပြောင်းလဲနေတတ်ပါတယ်။ ခေတ်ကာလအရ ဝေါဟာရ အသစ်တွေ၊ ဗန်းစကားတွေ ပေါ်လာတတ်ပါတယ်။

မတူတဲ့ ဘာသာစကားတွေဆီက လွှမ်းမိုးမှုရှိတတ်သလို ဘာသာစကား အချင်းချင်း အပြန်အလှန် ရောထွေးပြီး မွေးစားစကားလုံးတွေ၊ ပေါင်းစပ်စကားလုံးတွေ ပေါ်လာတတ်တာ သဘာဝပဲဖြစ်ပါတယ်။

ဒါပေသိ ထားဝယ်စကားရဲ့ ဝိသေသ လဆွဲသံ ပျောက်လာမှာတော့ စိုးမိပါတယ်။ ဘာလို့ဆို ဘာသာစကားတခုဟာ ပြောတတ်တဲ့သူ ပြောဆိုသုံးစွဲနေသူတွေမှာပဲ ရှင်သန်နိုင်လို့ပါပဲ။