အခေါ်အဝေါ်များကို ဒေသမှုပြုခြင်း

November 30, 2024,

ဖိုးသံ့ကီး

ထားဝယ်စကားသည် သူ့လေသံ သူ့ဟန် နှင့် ကျကျနနရှိသည်။

သို့ရာတွင် ဘာသာစကားတို့၏ ထုံးစံအတိုင်း သုံးစွဲသော ကာလ၊ ဒေသနှင့် သုံးစွဲသူများ၏ အာသီသအလျောက် ပြောင်းလဲနေခဲ့သည်။ ယနေ့ခေတ်ကဲ့သို့ ကမ္ဘာ အရပ်ရပ်တွင် ပစ္စည်း အသစ်အဆန်းများ၊ ဝေါဟာရ အသစ်များ၊ ဘန်စကား၊ စကားပုံနှင့် စကားလိမ် အသစ်များစွာ ပေါ်ထွက်နေရာ ထိုစကားလုံးအသစ်များကို ဘာသာစကားအားလုံးသို့ ပြန်ဆိုရန်မှာ ခက်လှသည်။

သို့သော် ထားဝယ်စကားတွင်လည်း စကားလုံးအသစ်များကို ထားဝယ်များက ထားဝယ်သံနှင့် ခေါ်ကြသည်မှာ ရှေးကတည်းက ဖြစ်သည်။ တချို့စကားလုံးများကို မူရင်းအသံအတိုင်းခေါ်၍ မွေးစားလိုက်သလို တချို့မှာ မူလ အသံထွက်နှင့် အနည်းနှင့်အများဆိုသလို ကွဲလွဲသည်လည်း ရှိသည်။ အချို့မှာ နားလည်သလိုခေါ်ရင်းက မူလ စကားလုံး၏ အမည်နှင့် လုံးဝ ကွဲလွဲသွားသည်လည်း ရှိသည်။

ကက်ဆက် ဆိုပါစို့။ ယင်း၏ မူလမှာ cassette ဖြစ်သည်။ ကက်ဆက် အခွေမှ သီချင်း၊ အသံသွင်းထားသည့် ဇာတ်လမ်း၊ တရား၊ ပို့ချမှုများ နားထောင်ခဲ့ကြမည် ဖြစ်သည်။ ထိုကက်ဆက် ဟူသော စကားလုံးကို ထားဝယ်များက ကစ်စစ် ဟူ၍ ခေါ်၏။ စက်ဘီးမှာ စစ်ဘီး ဖြစ်သွားပြီး စက်သီးမှာလည်း စစ်သီး ခေါ်၏။ မြန်မာ အသုံး သံတူရွင်းမှာ သံတဝမ်း ဖြစ်သွားသည်။

ရှာလပတ်ရည် ဆိုပါစို့။ သစ်သီးနှင့် ပွင့်ဖတ် တို့ကို ဖျော်သည့် သောက်စရာအရည်မျိုး ဖြစ်သည်။ မူရင်းမှာ ပါရှန်း ဘာသာက လာသည်ဟူဆို၍ အင်္ဂလိပ်စကားလုံး Sharbat ဟုခေါ်ကြသည်။ တူရကီ၊ အာရပ်နိုင်ငံများ၊ အိန္ဒိယနှင့် ဘင်္ဂလားရှေ့ဒ် စသည့်နိုင်ငံများတွင် သုံးသည်။ ထားဝယ်အခေါ် မှာတော့ /ရှာဖတ်ရယ်/လျှာဘတ်ရယ်/ ဟု တွင်သည်။

မူလအသုံးအတိုင်း မွေးစားသည်ကတော့ များလှသမို့ များစွာရေးရန် မရှိ။ ဥပမာ – ပလာတူး ငါး၊ ကွန်ပျူတာ၊ မာဆလာ၊ ပန်ကာ။

တလောက ထားဝယ်အချို့သုံးနေသော ထူးထူးဆန်းဆန်း စကားလုံးတခုကို ကြားရခဲ့သည်။

သူတို့က ရှမ်းနှီး ဟုခေါ်သည်။ ဘာကိုခေါ်သလဲဟု မေးမြန်းကြည့်တော့ ဝိုင်ယာများစည်းရာတွင် အသုံးတွင်လာကြသည့် Cable ties/ Zip ties, Wire ties များကို ခေါ်သည်ဟု ဆိုသည်။ အဘယ်ကြောင့် သည်လိုခေါ်သနည်းဟု မေးကြည့်တော့ ရှမ်းကမ်းကလာလို့ဟု ရှမ်းထဲမှာ သုံးကြလို့ဟု ပြောသည်။

သူတို့ပြောသော ရှမ်းမှာ ထိုင်း နိုင်ငံ ကို ညွှန်းခြင်း။ နှီးဆိုသည်က အများသိပြီးကြသည့်အတိုင်း ချည်နှောင်ရန်ပါးလျလျစိတ်ဖြာထားသည့် ဝါးနှီး ကို ဆိုလိုခြင်း။

ဆိုတော့ ရှမ်းနှီး ဆိုတော့ ထိုင်းကလာသည့် ချည်စရာနှီး/ကြိုးဖြစ်သည်ဟု သူတို့ဆိုလိုဟန် ရှိသည်။ သူတို့လို အများက သုံး မသုံး မသိ။ ဒါပေသိ သည်လိုလည်း ထားဝယ်မှုပြုလိုက်သည်ကိုတော့ သတိထား မိလိုက်သည်။

မြစ်ဖျားရေကိုလှမ်းမျှော်ခြင်း (ဦးဉာဏဝရ၊ ငြိမ်းအေးအိမ်)

June 2, 2024,

ဖိုးသန့်ကီး

ဒီတခါ ညွှန်းချင်တဲ့ စာအုပ်ကတော့ မြစ်ဖျားရေကို လှမ်းမျှော်ခြင်း လို့ အမည်ရတဲ့ စာအုပ်တအုပ်ပါ။

စာအုပ်နာမည်ကို ဖတ်မိပြီး မြစ်တွေ ချောင်းတွေ ရေတွေ အကြောင်း ရေးထားလိမ့်မယ်လို့ မထင်ပါနဲ့။ မဟုတ်ပါဘူး။

တကယ့်အကြောင်းကတော့ တနင်္သာရီတိုင်းမှာ ရှေးပဝေသဏီကတည်းက အဓိက အခြေစိုက် နေထိုင်လာခဲ့ကြတဲ့ ထားဝယ်သူ ထားဝယ်သားတွေရဲ့ ဇစ်မြစ်ကို လှမ်းမျှော်ကြည့်တာပါ။

ဗမာလူမျိုးစုထဲမှာ ထားဝယ်လို့ ထည့်ထားပေမဲ့ ဗမာနဲ့မတူတဲ့ဟန်၊ စကားသံ၊ လေယူလေသိမ်းနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု နဲ့ ရှေးကျတဲ့ ထားဝယ်မျိုးနွယ်စု သမိုင်းကို ခြေရာကောက်ထားတာပါ။

မြန်မာစာပေနယ်ပယ်မှာ လူသိများတဲ့ ထားဝယ်ဇာတိ ဆရာငြိမ်းအေးအိမ်ရဲ့ စာပေလက်ရာကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

ဆရာ့ရဲ့ ရေးဟန်ဟာ ဖတ်ရှုရ လွယ်ကူပြီး ဆွဲဆောင်မှုရှိတာကြောင့်လည်း ထားဝယ် သမိုင်းကို တူးဆွ တို့ထိ ထားပေမဲ့ အခြားသော သမိုင်းစာအုပ်တွေ ဖတ်ရသလို လေးလံနေမှာလည်း မဟုတ်ပါဘူး။

ပြီးတော့ ထားဝယ် အသံထွက်နဲ့‌ ရေးထားတဲ့ စာလေးတွေဟာ ငယ်စဉ်ကလေးဘဝ ကျေးလက်က မိသားစု ဘဝ တွေကို လွမ်းစရာဖြစ်စေပါတယ်။ အိမ်နဲ့ဝေးရာမှာ ပညာသင်နေရတဲ့ ဘဝကို အောက်မေ့စေပါတယ်။

ဆရာ့ရဲ့ စာကိုဖတ်ရင်း ထားဝယ်လူမျိုးတွေရဲ့ ဖြစ်တည်မှုကို ပိုပြီး လေးစားတန်ဖိုးထားလာမိပါတယ်။

ဘုန်းဘုန်း ဦးဉာဏဝရရဲ့ မျှဝေထားချက်မှာတော့ ထားဝယ်စကားကို မပြောတတ်လောက်အောင် ဖြစ်ခဲ့ပေမဲ့ မိခင်ဘာသာ ထားဝယ်စကားကို လေးစားဂုဏ်ယူစွာနဲ့ ပြန်လည်သင်ယူခဲ့တာကို ဖတ်ရမှာပါ။

ထားဝယ် လူမျိုးရဲ့ ဖြစ်တည်မှုအပေါ်မှာ ထားဝယ်သူ ထားဝယ်သားတွေကိုယ်တိုင်က တန်ဖိုးထားတတ်ဖို့ ဂုဏ်ယူတတ်ဖို့ မျှဝေထားတာပဲဖြစ်ပါတယ်။

ဒီစာအုပ်ကို Dawei Watch Publishing House ကနေထုတ်ထားတာဖြစ်ပါတယ်။ Dawei Watch သတင်းဌာနရဲ့ ဝဘ်ဆိုဒ်စာမျက်နှာမှာ ဖတ်ရှုလို့ရသလို ယူကျုစာမျက်နှာမှာလည်း အသံစာအုပ်အနေနဲ့ နားဆင်နိုင်ပါတယ်။

အမည်ပေါက်နဲ့ အရပ်ခေါ် ကွဲလွဲတဲ့ ဒေသများ

May 12, 2024,

နောန်နှံ့

မြန်မာပြည်နေရာအနှံ့မှာ ရုံးစာအရအမည်ပေါက်တဲ့ နာမည် နဲ့ အရပ်ခေါ်တဲ့ နာမည်ကွဲလွဲကြတဲ့ အရပ်ဒေသအများကြီးရှိပါတယ်။ ဒါဟာ အများအားဖြင့်တော့ မြန်မာစာရဲ့ ရေးတော့အမှန်၊ ဖတ်တော့ အသံ လို့ ဆိုရတဲ့ သတ်မှတ်ချက်ကြောင့်လည်းဖြစ်သလို၊ အရပ်ဒေသရဲ့ သမိုင်းကြောင်းအရ၊ လေသံအရ လည်းဖြစ်တတ်ကြပါတယ်။

ကာလရွေ့လျောလာလို့ နှောင်းလူတွေက အသံထွက်ပြောင်းခေါ်ကြရင်းက တွင်သွားလို့လည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားဒေသတွေက နေရာတွေကို မြန်မာစာနဲ့ ရေးသားဖော်ပြရာမှာ ဘာသာစကားအသံဖလှယ်ရာက ကွဲလွဲတာမျိုးဖြစ်နိုင်သလို တမင်တကာပဲ အရပ်ခေါ် နာမည်ကို မြန်မာနာမည်ပြောင်းပေးတာ၊ မြန်မာစာမှာ အသုံးတွင်တဲ့ ပါဠိ နာမည်တွေပေးတာမျိုးတွေ ကြောင့်လည်း ဖြစ်ပါတယ်။

ပြီးတော့ မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံရှိတဲ့ နေရာမှာ ဒေသတခုရဲ့ နာမည်ဟာ မတူတဲ့ လူမျိုးစုတွေကြားမှာ အသံထွက် အခေါ်အဝေါ် ကွဲပြားနေတာဟာလည်း ဖြစ်တတ်တဲ့သဘာဝလည်း ဖြစ်ပါတယ်။

နာမည်အခေါ်အဝေါ် ကွဲပြားနေရခြင်း အကြောင်းအရင်းတွေကို လေ့လာတာဟာ အရပ်ဒေသတစ်ခုရဲ့ သမိုင်းကို ခြေရာကောက်ရာမှာ အရေးပါလှပါတယ်။

ဒေသခံတွေကြားမှာ ဗမာစကားသိပ်သုံးလေ့မရှိပေမဲ့ ဗမာစကားနဲ့ ရင်းနှီးကြတဲ့ ထားဝယ်ဒေသတစ်ဝိုက်မှာတော့ အမည်ပေါက်နဲ့ အရပ်ခေါ်ကွဲတဲ့ နေရာအတော်များများရှိတာကို သတိထားမိပါတယ်။ ဘာဖြစ်လို့ ကွဲလွဲသလဲ ဆိုတာကိုလည်း မှတ်တမ်းများပြုစုထားနိုင်ရင် ကောင်းပါတယ်။

ဥပမာ – ထားဝယ်မြို့ပေါ်က မြောက်ရွာလို့ အမည်ပေါက်တဲ့ ရပ်ကွက်တစ်ခုဟာ ထားဝယ်သူ/သားတွေရဲ့ အရပ်ခေါ်မှာ မြစ်အော့ ဖြစ်မှာပါ။

ထို့အတူပဲ သရက်ချောင်းမြို့ထဲက ဒေသအခေါ် ‘မိုးရွှေဂူ’ ရပ်ကွက်ဟာ ဆိုင်းဘုတ်ပေါ်မှာ ‘မော်ရှည်ကုန်း’ ဖြစ်နေပါတယ်။

‘ပန်းချီရှောင်ရွာ’ လို့ဆိုင်းဘုတ်တပ်ထားပေးမဲ့ ဒေသခံတွေအဲလိုမခေါ်ပါဘူး။ ‘ကနက်သီရိ’ ဆိုရင်လည်း ‘နတ်ဆိ’ လို့သာ ထားဝယ်တွေကြားမှာ ခေါ်တာများပါတယ်။

ဒါဟာ မူလ အသံကို မြန်မာစာနဲ့ ဖလှယ်လို့ ကွဲတာမျိုးထက် ပိုတာမျိုးလားလို့ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

အရပ်ခေါ်နာမည်ကို တိုက်ရိုက် မြန်မာလိုဖလှယ်တာကတော့ အသံထွက် ကွဲပေမဲ့ အဓိပ္ပာယ် မပြောင်းရင် နားလည်လွယ်ပါတယ်။

ဥပမာ – ထားဝယ်သူ/သားတစ်ယောက်က ရေဖြူကို ဗမာသံအတိုင်း /ယေဗြူ/ လို့ မထွက်ပေမဲ့ /ယေးဖ္လူ/ လို့ ထားဝယ်သံနဲ့ ထွက်ပါတယ်။

တချို့နေရာမှာတော့ မြို့နာမည်ကို မြန်မာစာနဲ့ ဖလှယ်ရာမှာ သမိုင်းဒဏ္ဍာရီမှာပါတဲ့ အဓိပ္ပာယ်နဲ့ ကွဲသွားတတ်တာမျိုးလည်းရှိနိုင်ပါတယ်။

ဥပမာ ရှင်တောင့်ပုံစေတီရှိတဲ့ သရက်ချောင်းမြို့ပါ။ ဘုရားသမိုင်း အရ ပြောတဲ့ မြို့နာမည်ဆိုရင် သရက်ချောင်းကို မြန်မာလို အရှက်ချောင်း (သို့) ရှက်ချောင်းလို့ပဲ ရေးသင့်ပါတယ်။ ထားဝယ် အသံထွက်အရ သရက်ကိုလည်း /ရှစ်/ အရှက်ကိုလည်း /ရှစ်/ လို့ပဲ အသံထွက်တာမို့ ထားဝယ် အခေါ်အရ /ရှစ်ခ္လေါန်း/ လို့ခေါ်တာ မမှားပါ။

အတော်တော့ ရှုပ်ထွေးတဲ့ သဘောရှိပါတယ်။ စာဖတ်သူများလည်း မိမိတို့နေရာရဲ့ အမည်ပေါက်နဲ့ အရပ်ခေါ် ကွဲလွဲတာများရှိရင် မျှဝေဖို့ ၊ ကွဲလွဲရခြင်း အကြောင်းများကို သိမီသူတွေထံ တီးခေါက်ကြည့်ကြဖို့လည်း မေတ္တာရပ်ခံပါတယ်။

မိုးခေါ်ပွဲ

May 4, 2024,

Tanintharyi Gallery

မိုးကိုမျှော်နေကြပြီ။

အပူရှိန်က တိုးနေသလို သည်ကြားထဲလျှပ်စစ်မီးက ဒုက္ခထပ်ပေးလို့ လူတွေကမိုးကိုပဲမျှော်နေကြပြန်တယ်။

သင်္ကြန်နီးတုန်းက မိုးရိပ်ငွေ့ငွေ့လေးပြခဲ့ပေမဲ့ စိတ်ကျေနပ်ရလောက်အောင်မိုးကမရွာခဲ့ဘူး။ ခု မေလဆန်းရောက်သည့်တိုင် မိုးကနေရာမှားပြီး ရှမ်းပြည်ဘက်၊ အညာဘက်မှာ သွားသွားရွာနေတော့ ကိုယ့်တနင်္သာရီဒေသ၊ ထားဝယ်ဒေသသားတွေက မိုးခေါ်ပွဲပဲလုပ်ရမလား စဥ်းစားနေရပြီ။

တကယ်တော့ မိုးခေါ်ပွဲ မိုးခေါ်တေးဆိုတာ မေလတတိယအပတ်လောက်ထိ မိုးမရွာရင် (မိုးခေါင်နေရင်) ထားဝယ်မြို့အရှေ့ဘက်က ဇလွန်းရွာမှာ လုပ်လေ့ရှိတဲ့ ရိုးရာဓလေ့ယဥ်ကျေးမှုပွဲတစ်ပွဲပါ။ မိုးခေါ်တေးဆိုတာကလည်း အဲဒီပွဲ ကျင်းပရင် အုပ်စုလိုက်ဆိုကြတဲ့ရှေးဟောင်းထားဝယ်သီချင်း။

ခုလိုကာလမှာ မိုးကိုမျှော်နေကြတော့ ရှေးဟောင်းထားဝယ် မိုးခေါ်တေးကို တင်ဆက်ပေးလိုက်ပါတယ်။

မိုးခေါ်တေးနဲ့ပတ်သက်လို့ မှတ်သားစရာ အချက်အလက်လေးတွေကိုလည်းဖြည့်စွက် မှတ်ချက်ပြုပေးကြပါဦး။