ထားဝယ်ရှေးယဉ်ကျေးမှု အထောက်အထားများ

February 19, 2025,

Tanintharyi Gallery

ဒီတစ်ပတ် Tanintharyi Gallery ရဲ့ စာအုပ်စင်မှာ တင်ပြမယ့်စာအုပ်ကတော့ DDA က ၂၀၁၃ ခုနှစ် မတ်လမှာ ထုတ်ဝေခဲ့တဲ့ ဆရာဇော်(စိတ်ပညာ)ရဲ့ “ ထားဝယ်ရှေးယဉ်ကျေးမှု အထောက်အထားများ” ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်မှာ စာတမ်း(၃)စောင် ပါဝင်ပါတယ်။

(၁) ထားဝယ်ဒေသရှေးယဉ်ကျေးမှုအထောက်အထားများ။

(၂) တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိရှေးယဉ်ကျေးမှုအထောက်အထားများ (သုဝဏ္ဏဘူမိခေတ် (သို့) အကြိုသမိုင်းကာလ)။

(၃) ထားဝယ်ဒေသရှေးယဉ်ကျေးမှုအထောက်အထားများ (အကြိုသမိုင်းကာလနှင့်ပျူခေတ်) တို့ဖြစ်ပါတယ်။

စာမျက်နှာ (၈၈)မျက်နှာ ရှိပါတယ်။

ထားဝယ်ဒေသရှေးယဉ်ကျေးမှု အထောက်အထားများ စာတမ်းကတော့ ထားဝယ်ဒေသသမိုင်းကြောင်းကို ပြုစုခဲ့တဲ့ စာအုပ်များအကြောင်းနဲ့ ထားဝယ်မြို့ဟောင်းများအကြောင်းကို အကျဉ်းမျှ တင်ပြထားပါတယ်။

မြို့ဟောင်းတွေထဲက သာဂရမြို့ဟောင်း၊ မုတ္ထီးမြို့ဟောင်း၊ ဝေဒီမြို့ဟောင်း၊ ဆင်ဆိပ်(သို့) ညောင်ခရားမြို့ဟောင်းအကြောင်းတွေကို ဖော်ပြထားပါတယ်။

ဒုတိယစာတမ်းကတော့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရှေးယဉ်ကျေးမှုအထောက်အထားများ (သုဝဏ္ဏဘူမိခေတ်(သို့) အကြိုသမိုင်းကာလ)ပါ။ ဒီစာတမ်းမှာတော့ တနင်္သာရီတိုင်းအတွင်းက ကျောက်ခေတ်သစ်ဓလေ့နဲ့ မဟာသေလာကိုးကွယ်မှု၊ ကြေးခေတ်နဲ့ ဂဝံယဉ်ကျေးမှုလက္ခဏာတွေကို တင်ပြထားပါတယ်။

တတိယစာတမ်းကတော့ ထားဝယ်ဒေသရှေးယဉ်ကျေးမှု အထောက်အထားများ (အကြိုသမိုင်းကာလနှင့် ပျူခေတ်) ဖြစ်ပါတယ်။ ပထမစာတမ်းနဲ့ ဆက်စပ်နေတဲ့ စာတမ်းတစ်စောင်ပါ။ ဒီစာတမ်းမှာတော့ ထားဝယ်ဒေသအတွင်းတွေ့ရတဲ့ ဓလေ့နဲ့ အထောက်အထားတွေကို အလေးပေးတင်ပြထားပါတယ်။

ကျောက်ခေတ်သစ် အထောက်အထားတွေဖြစ်တဲ့ လက်နက်တွေအကြောင်း၊ ပျူယဉ်ကျေးမှုဓလေ့တွေဖြစ်တဲ့ အုတ်ချပ်ကြီးများနဲ့ လက်ရေးစင်းပါအုတ်ချပ်တွေအကြောင်း၊ သာဂရမြို့ဟောင်းမှာတွေ့ရတဲ့ အရိုးအိုးဓလေ့အကြောင်း၊ ဒင်္ဂါးနဲ့အုတ်ခွက်ဘုရား၊ ပုတီးတွေအကြောင်းကို အကျဉ်းတင်ပြထားပါတယ်။

သာဂရမြို့ဟောင်းအပါအဝင် ထားဝယ်ရှေးမြို့ဟောင်းတွေအကြောင်းကိုလည်း အနည်းငယ် တင်ပြထားတာကို တွေ့ရပါတယ်။

စာတမ်းသုံးစောင်စလုံးမှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့မို့ ထားဝယ်ဒေသရှေးဟောင်းယဉ်ကျေးမှုကို လျှပ်တစ်ပြက် လေ့လာလိုသူတွေအတွက် ဖတ်မှတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ကြောင်းပါ။