ရှေးကျောက်စာအရေး နဲ့ ထားဝယ်စကားသံ

March 8, 2025,

ဆရာဇော်ဂျီက ထားဝယ်တေးဟောင်းများ အကြောင်းရေးသားခဲ့ရာတွင် ထားဝယ်ဖက်တွင် ပြောကြသော စကားသံသည် ပုဂံခေတ် ကောင်းစားစဉ်အခါက ရေးထိုးခဲ့သော ကျောက်စာများရှိ မြန်မာစကားအချို့ နှင့် ဆင်တူ သည်ဟု ထည့်သွင်းခဲ့သည်။

ဤတွင် ပုဂံခေတ်ကောင်းစဉ်က ထိုအရပ်၌ ကျင်လည်သူများ၏ စကားသံသည် မည်သို့ရှိမည်နည်းဟု အတွေးပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် အရေး နှင့် အသံထွက်မှာ ကွဲလွဲတတ်သော သဘောရှိခြင်းနှင့် ကျောက်စာရေးထိုးသော ခေတ်က အသံကို အသံသွင်းမှတ်တမ်းယူထားနိုင်ခြင်းမျိုး မရှိခြင်း တို့ကြောင့်ပင် ဖြစ်သည်။

ဆရာဇော်ဂျီက ထားဝယ်ဖက်ကပြောသော စကားတွင် (လ) သံနှော၍ပါသည်ကို ကျောက်စာအရေးနှင့် ထောက်ပြခဲ့သည်။ ဆရာက လက်သည်းရှည်ဘုရားကျောက်စာတွင် မြေကို ‘မ္လေ’ ၊ ကျောင်းကို ‘က္လောင်း’ ဟု ဖော်ပြထားကြောင်း ဖော်ပြခဲ့သည်။ ဤသည်မှာ ထားဝယ်ဖက်က ပြောသံနှင့် ဆင်တူသည်ဟု ဆိုသည်။

ထိုသို့ ဆင်တူသည်ဟူသော အချက်ကို စိတ်ဝင်စားမိသည်နှင့် လက်လှမ်းမီရာ ကျောက်စာ တချို့ကို ဖတ်ဖြစ်ရာ အောက်ပါအတိုင်း တွေ့ရသည်။ (သတိပြုမိသည်မှာ ကျောက်စာအများစုတွင် ယခုခေတ်ကဲ့သို့ ဝစ္စနှစ်လုံးပေါက်ကို သုံးခြင်း မရှိပေ။)

သက္ကရာဇ် ၈၀၁ ခုက ကျောင်းကို မြေလှူသော ကျောက်စာ (စစ်ကိုင်းမြို့ ထူပါရုံ ကျောက်စာရုံရှိ အမှတ် ၃၅(က၊ခ)) နှင့် ပိတူသင်္ဃရာဇာကျောင်းကျောက်စာ (၈၀၁ ခု)၊ ပိတူးသင်္ဃရာဇာ စည်းခုံ ကျောက်စာ (၈၀၃ ခု) များတွင်

– မြေ (မ္လေ)

– ကျောင်း (က္လောင်)

– ထီးဖြူ (ထီဖ္လူ)

– ချွတ် (ခ္လ္ွတ်)

– ကျွတ်လွတ် (က္လ္-ွတ်)

– ကျစွာ (က္လ်စွာ) (က္လစွာ)

– မြေးရင်း (မ္လေရင်)

– ကျိုးပဲ့ (က္လိုဝ်ပဲ)

ဟူသော အရေးကို တွေ့ရသည်။ (ဖောင့် နည်းပညာ အခက်အခဲကြောင့် အချို့သော စကားလုံးများကို မူလ ကျောက်စာပါ အတိုင်း ရေးပြရန် မဖြစ်နိုင်ပါ။ ပို၍ ရှင်းလင်းစေရန် ပုံတွင် ကြည့်နိုင်ပါသည်။) ထို့အပြင် အချို့သော ကျောက်စာများတွင်လည်း

– ဖျင်ဖြူ (ဖျင်ဖ္လူ)

– ဆင်ဖြူ (ဆင်ဖ္လူ)

– ကျောက်ဖျာ (က္လောက်ဖျာ)

– ပြု (ပ္လု)

– ဖြည့် (ဖ္လည်)

– ပြန် (ပ္လန်)

အစရှိသော အရေးအသားများကို တွေ့ရသည်။ ထားဝယ်စကားသံပါ (လ) သံထည့်ဖတ်လျှင်ကား ဖတ်ရသည်မှာ မခက်ဘဲ ဆိုလိုရင်းကို သဘောပေါက်လွယ်သည်ဟု ခံစားရသည်။

သတိထားမိသည်မှာ ဖြစ် ကိုလည်း (ဖ္လစ်) ၊ ကျပ် ကို (က္လပ်)ဟုလည်း သုံးထားသည်။

အလှူပြု၍ ရေစက်ချသည်ကိုလည်း ( ရေစင်တ် ခ္လ ၏ ) ဟူသော အရေးမျိုးလည်း စိတ်ဝင်စားဖွယ် တွေ့ရသည်။

(က္လောက်တံတိုင် )ဟူသော အရေးလည်း တွေ့၍ ကျောက်တံတိုင်းကို ဆိုလို သလားဟုလည်း တွေးမိသည်။

ထိုအရေးမျိုးကို ထားဝယ်သူ/သားများအဖို့ ဖတ်၍ နားလည်ရန်ခက်မည် မထင်ပါ။ သို့သော်လည်း ထိုခေတ်က ထိုအရေးအတိုင်းပင် ပြောခဲ့ကြသလားဟူသည်ကား မေးခွန်းကြီးပင်။ တဖက်တွင်လည်း အပြောအတိုင်းပင် ရေးခဲ့ နိုင်သည် ဟူသော ယူဆချက်လည်း ရှိနေသည်။

ဖတ်ရန်များစွာ ကျန်သေးသော်လည်း ဖတ်မိသမျှတွင် ဤသို့သော စိတ်ဝင်စားစရာ အချက်အချို့ကို မျှဝေလိုက်ပါသည်။

📑ကိုးကား။

ရှေးဟောင်းမြန်မာကျောက်စာများ၊ ပဉ္စမတွဲ၊ ဦးငြိမ်းမောင် (၁၉၈၇)၊ ရှေးဟောင်းသုတေသနဦးစီးဌာန။

စာပေလောက၊ ထားဝယ်တေးဟောင်းများ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ စိတ်ကူးချိုချိုစာပေ