မြိတ်မြို့ ပုန်းညက်တောင်ပေါ်က သေးမားသိမ်

July 14, 2025,

ရနောင် (ဒွယ်)

သိမ်မျက်နှာစာအရှေ့မှာစိုက်ထူထားတဲ့ကျောက်စာအရသိရတဲ့ ဒီသိမ်ကြီးရဲ့ သမိုင်းကြောင်းကို ဆရာမောင်ပြေချမ်း ( မြိတ် ) ရဲ့ ပုန်းညက်တောင်စာတမ်း မှာဖော်ပြထားပါတယ် ။
မြိတ်မြို့ကို အေဒီ ၁၇၃၁ ခုနှစ်မှာ ယိုးဒယားမင်း ဗြရာမသွန်တိသ ကတည်ထောင်ခဲ့ပြီး မာရိတ်မြို့အဖြစ်အမည်တွင်စေခဲ့တယ်လို့ဆိုတယ် ။
ပုန်းညက်တောင်ပေါ်မှာရှိနေတဲ့စေတီကိုတော့ မြိတ်မြို့မတည်ခင် အေဒီ ၁၆၆၆ ခုနှစ်ကတည်းက ထည်ထောင်ခဲ့တာပါတဲ့ ။
အေဒီ ၁၇၄၁ ခုနှစ် ( ယိုးဒယားတို့ အုပ်စိုးထားတဲ့အချိန် ) ရောက်တော့ မြိတ်မြို့စားနဲ့ တနင်္သာရီမြို့စားတို့က ပုန်းညက်တောင်ပေါ်မှာပဲ ယိုးဒယားမင်းခွင့်ပြုချက်နဲ့ သိမ်တည်ပြန်ပါတယ် ။
အဲဒီသိမ်ကို ယိုးဒယားမင်းက သေးမား ( သီမာ ) သိမ် အမည်တွင်ခဲ့စေပြီး တပို့တွဲလဆန်း ၁၁ ရက် ကြာသားပတေးနေ့မှာ သံဃာ ၂၂ ပါးနဲ့ သိမ်သမုတ်ခဲ့တယ်လို့ဆိုတယ် ။ ကျောက်စာကိုလည်း အဲဒီနှစ် တန်ခူးလဆန်း ၃ ရက် တနင်္လာနေ့မှာ စိုက်ထူခဲ့တာပါတဲ့ ။