ဝါနတ် နောန်နီ
နတ်ရာသီမို့ ဟိုနားသည်နား နတ်ကန္နားပွဲတွေက ပေါလှ၏။
မြိုင်လှ၏။ စည်လှပါ၏။
သူ့အရပ် သူ့ဇာတ် နှင့် သူ့နတ်များကတော့ သူ့အချိန်ရောက်လျှင် ပေါ်လာစမြဲ။
ဒါသည်ပင် မျိုးဆက်များအလိုက် လက်ဆင့်ကမ်းလာသော ဓလေ့ကလေး။
ဒီမြင်ကွင်းကလေးကို ကဗျာစပ်ကြည့်ပါတယ်။
ဝါနတ် နောန်နီ
ဆတ်ဆတ်တူ ဂိုလ်လောင်း
ဟယ်ပုဂ္ဂိုလ် ဝမ်နေနူး
မေးဂဲ့ပါဦး။
ဝါရှင်တော်ဖိုး
ဝါလောင်းစိုး
နှစ်တိုင်းဝမ် ဝါဖိုးဖိုး ဝို
ကွမ်းယာနာ့ ကိုး…။
နတ်ဝမ် နောန်နီ
ဂံလိုပီ
မန်းမှု ဆုတန် ပေး။
ပတ်မဂီးသံ
ဆိုင်းဟှညံ
ဖိုးဖိုး ထက ဗန်။
ဆိုင်းသံလည်းစဲ
နောန်နီလဲ
ကွမ်းယာမောလဲ့ကွယ်း…။
ဧသင် (ခေတ္တ ဟွေး)
(ဒီဇင်ဘာ ၅၊ ၂၀၂၅)
နတ်ပွဲထဲမှာ နောင်နီတယောက် တကိုယ်လုံး တဆတ်ဆတ်တုန်လို့ ပုဂ္ဂိုလ်တယောက်ယောက်တော့ဖြင့် သူ့ကို ဝင်ပူးပါပြီ။
ဘယ်သူဘယ်ဝါရယ်လို့ မေးကြ စမ်းကြပါလေ။ ရွာရှင်ဖိုးဖိုးတဲ့။ တရွာလုံးကို ပိုင်စိုးတော်မူတဲ့ နတ်၊ နှစ်တိုင်းဝင်နေကျ ရွာရှင်တော် အဖိုးကို ကွမ်းယာ ဆက်သကြလေ။
နတ်ဝင်သည် နောင်နီဟာဖြင့် ဗမာလို ပီပီကြီး ပြောပြီပေါ့။ အနီးအနားက ဖိုးဖိုးရဲ့ သမီးသားတွေကိုဖြင့် နတ်တို့ရဲ့ အစွမ်းနဲ့ မန်းပေး မှုတ်ပေး၊ ဆုတွေတတွတ်တွတ် ပေးပြီပေါ့။
ဖိုးဖိုး အတွက် ပတ်မကြီးကလည်း အသံမြည်လှတယ်။ ဆိုင်းကလည်း မြိုင်သနဲ့ ညံစည်နေပါရဲ့။ ဖိုးဖိုးကလည်း ဂီတအသံနဲ့ စီးမြောလို့ ကနေပါတော့တယ်။ ဆိုင်းသံလည်းငြိမ်တော့ ဖိုးဖိုးလည်းပြန်ပေါ့။
အသံတွေစဲတော့ နောင်နီလဲပေါ့။ လဲ နေတဲ့ နောင်နီဟာဖြင့် မူးမော်စေတတ်တဲ့ ဆေးနဲ့ကွမ်းသီးပါသွားတဲ့ ကွမ်းယာကို ဝါးမိလို့ မူးဝေပြီး ကျန်ခဲ့သတဲ့။
ဒါလေးကတော့ ကျေးလက်တခုရဲ့ နတ်ပွဲ မြင်ကွင်းလေးပါပဲ။ ရွာရှင်နတ်အိုကြီးမို့ ထုံးစံအတိုင်း အရက်မတိုက်လိုက် ကြပါဘူး။ ကွမ်းယာကြီးတလက်ကတော့ဖြင့် အဆင်ပြေရာ ထုံး ဆေး ကွမ်းစိမ်းစိတ် နဲ့ ကမ်းလိုက်တာပါပဲ။ နောင်နီလည်း မူးဝေသွားပေမပေါ့။
တကယ်နတ်ဝင်၏ မဝင်၏ နဲ့ ငြင်းရင်း ခုံရင်းနဲ့ ပဲ သည်အလေ့ကတော့ဖြင့် နှစ်အဆက်ဆက်။




