လမ်းမသစ်အလွမ်း
လမ်းမသစ်လို့ ထားဝယ်ဒေသသားတွေခေါ်ကြတဲ့ ထားဝယ်မြို့ရဲ့တောင်ဘက်အနားသတ်လမ်းတစ်လမ်းဖြစ်တဲ့ ကျန်းမာရေးလမ်းဟာ ဆောင်းရာသီရောက်ပြီဆိုတာနဲ့ မနက် မနက်ဆို လမ်းလျှောက်သူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူတွေနဲ့စည်ကားတတ်တဲ့နေရာတစ်ခုပါ။
ထန်းရယ်ရှိုလို့ ဒေသအသံနဲ့ခေါ်တဲ့ ထန်းရည်ချိုဆိုင်လေးတွေလည်း ဆောင်းမနက်ခင်းတွေမှာတွေ့ရတတ်ပါတယ်။
ထန်းတက်သမား လုပ်ငန်းခွင်ဝင်တဲ့မြင်ကွင်းရယ်၊ ဟိုးအရှေ့ဘက်က နွားလဘို့တောင်ထိပ်နဲ့ စပါးတောင်ဘက်ကနေ ထွက်လာတဲ့ နံနက်ခင်းအလင်းတန်းနဲ့နေမင်းကြီးရယ်၊ ရွှေဝါရောင်လယ်ကွင်းပြင်ကျယ်နဲ့ ဆောင်းလေပြည်အေးအေးတို့ဟာ လမ်းမသစ်ရဲ့အလှတရားပါပဲ။
ညနေခင်းမှာတော့ လမ်းလျှောက်သူတွေအပြင် ထန်းရယ်ခါးလို့ဒေသအသံနဲ့ခေါ်တဲ့ ထန်းရည်ခါးဆိုင်လေးတွေမှာ ထန်းရည်သောက်သူတွေနဲ့လည်းစည်နေတတ်ပြန်ပါတယ်။ ဒါပေမဲ့ ဟိုးအရင်ကာလတွေလောက်တော့ မစည်တော့ပါဘူး။
ထန်းတက်သူ ၊ထန်းလုပ်ငန်း လုပ်ကိုင်သူတွေကလည်း ဒေသခံထားဝယ်သားတွေထက် မြင်းခြံ၊ ပခုက္ကူနဲ့မိတ္ထိလာဘက်က အညာသားတွေပဲအခြေစိုက်လုပ်ကိုင်လာကြတာကို လူမှုပြောင်းလဲမှုအနေနဲ့တွေ့မြင်ရပါတယ်။
ဟိုးအရင်ကတွေ့မြင်ရလေ့ရှိတဲ့ လယ်ကွင်းပြင်ထဲမှာ လွတ်လပ်ပေါ့ပါးစွာ ထန်းရည်ဝိုင်းဖွဲ့ထိုင်သောက်လေ့ရှိတာကိုလည်း သိပ်မတွေ့ရတော့ပါဘူး။
ညနေခင်း လမ်းလျှောက်တာတောင်မှ အတော်များများက လေယာဉ်ကွင်းလမ်းဘက်ရွှေ့သွားတာတွေ့ရပါတယ်။
ဘာပဲဖြစ်ဖြစ် ထားဝယ်ရဲ့အသည်းနှလုံးဖြစ်ခဲ့ဖူးတဲ့ လမ်းမသစ်ကတော့ လက်ကျန်သဘာဝအလှတရားတွေနဲ့ ရှင်သန်ဆဲလို့ဆိုရမှာပါ။























