မြစ်အောက် မြောက်ရွာ
ထားဝယ်တို့၏ အခေါ်အဝေါ်များကို မြန်မာစာနှင့် ဘာသာပြန်ရေးခြင်း၊ မြန်မာအမည်ပေးလိုက်ခြင်းများတွင် မူရင်း ဆိုလိုချက်၊ အခေါ်အဝေါ် များနှင့် အဓိပ္ပာယ်လွဲသွားခြင်းမျိုးများရှိတတ်သည်။ ထိုအကြောင်းအရာ အချို့ကိုလည်း အခါခွင့်သင့်သလို ဆွေးနွေးခဲ့ပြီး ဖြစ်သည်။
ယနေ့ဆွေးနွေးလိုသည်မှာ စိတ်ဝင်စားဖွယ်ရာ ဘာသာပြန်မှုတခုအကြောင်းဖြစ်သည်။
ဘာသာစကားနောက်ခံရှုထောင့်မှတို့ထိဆွေးနွေးခြင်းသာဖြစ်ပါသည်။
ထားဝယ်မြို့ပေါ်က ရပ်ကွက်တခု၏ အမည်အကြောင်း အရပ်ခေါ်နှင့် အမည်ပေါက် အဆက်အစပ်ကိုပင် ဖြစ်သည်။
မြောက်ရွာ သည် ထားဝယ်မြို့ပေါ်ရပ်ကွက်တခုဖြစ်ကာ ထားဝယ်အခေါ် မြစ်အော့/အောန့် (မြန်မာဘာသာသို့ အသံထွက်အတိုင်း တိုက်ရိုက်ပြန်သော် မြစ်အောက်) ဖြစ်သည်။ ဤတွင် မြန်မာဘာသာဖြင့် မြောက်ရွာ ဟု အဘယ်ကြောင့် ပြန်သနည်းဟု အမေးရှိကြသည်။ တိုက်ရိုက်ပြန်လျှင် မြစ်အောက်ရပ်၊ မြစ်အောက်ရွာ ဟု အဓိပ္ပာယ်ထွက်သည်မဟုတ်ပါလား။
ထိုအခါတွင် မြစ်အောက်နှင့် မြောက် ၏ အဆက်အစပ်ကို ပြောရန်လိုလာသည်။
ရှေးမြန်မာစာဟုဆိုရမည့် ကျောက်စာတခုဖြစ်သည့် ဓမ္မရာဇက ဘုရားကျောက်စာ (သက္ကရာဇ် – ၅၅၈)တွင် နိုင်ငံ၏ နယ်နိမိတ်ကို ဖော်ပြ ရေးထိုးထားခဲ့သည်။ ထိုအရေးအသားတွင် မြောက် (အရပ်)ကားဟု အဓိပ္ပာယ်ရသည့် စာကို ‘မ္လေစ်ဩက္က်ာ’ ဟု ရေးထိုးထားသည်။
အသံထွက်ကြည့်လျှင် /မ္လစ်အောက်ကာ/ ဟုထွက်နိုင်မည်ထင်သည်။ ထို့အပြင် မြောက်ဖက်ကိုဖော်ပြရာတွင် မ္လစ် ဟူသော အရေးမျိုးသုံးသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် မ္လစ် သည် မြစ်ကိုလည်း ညွှန်းသလို မြောက် အရပ်ကို ညွှန်းရာ၌လည်း သုံးသည်ဟုကောက်ချက်ဆွဲနိုင်သည်။
ထားဝယ်စကားတွင် ယခုအခါ မြစ် (River) ကို မြန်မာသံအတိုင်း မြစ် ဟုလည်းခေါ်သလို အချို့နေရာများတွင် လဆွဲသံဖြင့် မ္လစ် ဟုလည်း အသုံးတွင်ဆဲဖြစ်သည်။ ထိုအခါတွင် မြစ်အောန့် မှ မြောက်ရွာ ဖြစ်လာရခြင်းကို ရိပ်စားမိလာသည်။
ဤနေရာတွင် ထားဝယ်တို့၏ မြစ်အောန့် (မြစ်အောက်) အခေါ်ကို မြန်မာဘာသာဖြင့် မြောက်အရပ် မြောက်ရွာ ကို ပြန်ဆိုခဲ့ခြင်းသည် မူလ အဓိပ္ပာယ်နှင့် မလွဲသည့်အပြင် ရှေးမြန်မာစာနှင့် ယနေ့ခေတ် မြန်မာစာအဆက်အစပ်ကို ထင်ဟပ်သည်ဟု ယူဆမိသည်။
သို့ရာတွင် ယနေ့ ထားဝယ်အများစု (စာရေးသူလက်လှမ်းမီသမျှ)မှာ မြောက်အရပ်ကို မ္လစ်အောန့်၊ မြစ်အော့/အောန့် ဟု မသုံးကြတော့ဘဲ မြော့/မြောန့်ဖတ် ဟုသာ ပြောကြသည်ကိုလည်း သတိထားမိပါသည်။
ခေတ်ကာလ ဒေသ အလိုက်ရွေ့လျောနေသော ဘာသာစကားများ၏ အနက်ကို ခန့်မှန်း ခြေရာခံရသည်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းသလောက် အတိအကျဆို၍ မရနိုင်လေသော ခန့်မှန်းချက်များ ယူဆချက်များနှင့် ပြည့်နေပါကြောင်း။
ကိုးကား –
ရှေးဟောင်းမြန်မာကျောက်စာများ၊ ပဌမတွဲ၊ ဦးငြိမ်းမောင်၊ စာမျက်နှာ ၆၅ မှ ၆၉ အထိ။ ၁၉၇၂ ခုနှစ်၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီဌာန။
ထားဝယ်စကားနဲ့ ဗမာစကား၊ အလင်္ကာပုလဲပန်း အစီအစဉ်၊ ယူကျုစာမျက်နှာ




