ရေဖြူကူးတို့ဆိပ်

May 3, 2024,

Tanintharyi Gallery

တစ်ချိန်တုန်းက တနင်္သာရီတိုင်း ထားဝယ်ခရိုင်ထဲက ရေဖြူမြို့ဆိုတာဟာ အရှေ့ဘက်ကမ်းနဲ့အနောက်ဘက်ကမ်းဆိုပြီး ရင်နှစ်ခြမ်းအခွဲခံထားရတဲ့မြို့လေးတစ်မြို့ပေါ့။

ထားဝယ်-ရေးကားလမ်းပေါ်က ရေဖြူအရှေ့ဘက်ကမ်းမှာအစိုးရရုံးတွေရှိသလို အနောက်ဘက်ကမ်းမှာလည်း ရုံးတွေ၊ ဆေးရုံနဲ့စာသင်ကျောင်းတွေရှိတာပါပဲ။ အနောက်ကမ်းက အုပ်ချုပ်ရေးယန္တရားအတွက် ပိုအဓိကကျပါတယ်။

ရေဖြူမြို့ကိုနှစ်ခြမ်းခွဲထားတာက ထားဝယ်မြစ်ပါ။ ဒါကြောင့်လည်း ဟိုးအရင်ကတည်းက ထားဝယ်မြစ်ကို ကူးတို့လှေလေးတွေနဲ့ကူးပြီး ရုံးတက်၊ ကျောင်းတက်ကြရတာပါ။

ကူးတို့လှေအတွက် ခေတ်အဆက်ဆက်အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်ဆောင်ရွက်ပေးပုံရပါတယ်။ ဝန်ထမ်းနဲ့ကျောင်းသူ၊ ကျောင်းသားတွေအတွက် အခကြေးငွေမပေးရပါဘူး။ ကူးတို့လှေဆိပ်ကိုအကြောင်းပြုပြီး ကူးတို့ဆိပ်အနီးတစ်ဝိုက်မှာ ထမင်းဆိုင်၊စားသောက်ဆိုင်၊ကုန်စုံဆိုင်လေးတွေနဲ့စည်ကားခဲ့ပါတယ်။

၁၉၉၇ ဝန်းကျင်လောက်မှာ (ကရခ စစ်တိုင်းမှူး ဗိုလ်ချုပ်စစ်မောင်လက်ထက်) ရေဖြူမြို့အရှေ့ဘက်ကမ်းနဲ့အနောက်ဘက်ကမ်းကို သစ်သားတံတားထိုးခဲ့ပါသေးတယ်။

တရားဝင်ဖွင့်လှစ်ပွဲမလုပ်ခင်လေးမှာပဲ ထားဝယ်မြစ်ရေအဆင်းကြမ်းတာကြောင့်ပြိုပျက်သွားခဲ့ရပါတယ်။၂၀၁၀ ခုနှစ်နောက်ပိုင်းမှာမှ လက်ရှိရေဖြူတံတားကြီးကို တည်ဆောက်အကောင်အထည်ဖော်နိုင်ခဲ့တာပါ။

ခုတော့လည်း ရေဖြူမြို့လေးရဲ့ တစ်ခါတုန်းက ကူးတို့ဆိပ်လေးကလွမ်းစရာပေါ့…..။

ဖော်ပြပါဓာတ်ပုံတွေကတော့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ က ရိုက်ကူးထားသောပုံတွေဖြစ်ပါတယ်။