ဗြင်းလှည်း (သို့မဟုတ်) ရထား
ဗြင်းလှည်း (ဒါမှမဟုတ်) ရထားလို့ ပြောလိုက်ရင် အခုခေတ် ထားဝယ်သူ ထား၀ယ်သား လူငယ်အတော်များများကတော့ ဗြင်းလှည်း ဆိုတဲ့ ဝေါဟာရကိုပဲ ရင်းနှီးကြမှာပါ။ သူတို့အတွက် “ရထား” ´ဆိုတဲ့ဝေါဟာရက စိမ်းနေနိုင်ပါတယ်။
စိမ်းမယ်ဆိုလည်း စိမ်းစရာပါပဲ။
ထားဝယ်မြို့ရဲ့လမ်းမတွေပေါ်မှာ ဗြင်းလှည်း ဆိုတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တစ်မျိုးဖြစ်တဲ့ မြင်းလှည်း ပျောက်ကွယ်သွားတာလည်း ကြာပြီကိုး။
အရင်ကတော့ ထားဝယ်မြို့ရဲ့အဓိကလမ်းမကြီးတွေပေါ်မှာတောင် ပြေးဆွဲခွင့်ရခဲ့သေးတာ။ နှစ်ပေါင်း ၄၅ နှစ်နဲ့ ၅၀ ဝန်းကျင်ကာလ နောက်ပိုင်းထားဝယ်မြို့အဓိကလမ်းမတွေပေါ်မှာ မြင်းလှည်းတွေ မတွေ့ရတော့ပါဘူး။
တကယ့်ကို ထွားထွားကျိုင်းကျိုင်းမြင်းကောင်းတွေနဲ့ မြင်းလှည်းအိမ် ခပ်တောင့်တောင့်လှလှဆင်ထားတာ။ ဒါကိုပဲ ထားဝယ်သူထားဝယ်သားတွေက “ရထား”´လို့ခေါ်ခဲ့ကြတာ။
ဒီဝေါဟာရက ရှေးနန်းတွင်းဝေါဟာရတွေနဲ့ ဘယ်လိုဆက်စပ်နိုင်သလဲဆိုတာကလည်း စိတ်ဝင်စားစရာ။ ရှေးမြန်မာကြီးတွေဟာ မြင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်ကြသတဲ့။ ရှေးကျတဲ့ ထားဝယ်လူမျိုးတွေနဲ့ မြင်းနဲ့ပတ်သက်မှုကလည်း စိတ်ဝင်စားစရာပါ။
မြန်မာနိုင်ငံရဲ့မြို့ကြီးတချို့မှာ မြင်းလှည်းတွေရှိပေမဲ့ ထားဝယ်မြင်းလှည်းတည်ဆောက်ပုံနဲ့ကွာခြားတာရှိပါတယ်။ ထားဝယ်မြင်းလှည်းမှာ လိုက်ပါစီးနင်းတဲ့ခရီးသည်က ခြေထောက်ကို ပုံမှန်ထိုင်သလို ခြေချပြီးလိုက်ပါနိုင်တာပါ။ အခြားမြို့က မြင်းလှည်းတွေမှာ ခရီးသည်လိုက်ပါနိုင်တဲ့ နေရာမှာတပလ္လင်ခွေထိုင် လိုက်ပါရပါတယ်။ ဒါက ထားဝယ်မြင်းလှည်းရဲ့ ထူးခြားချက်ပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကာလနောက်ပိုင်းလောက်ကစပြီး ထားဝယ်မြို့တွင်း ယာဉ်စည်းကမ်းတွေသတ်မှတ်၊ မဝင်ရလမ်းတွေသတ်မှတ်ပြီးတဲ့နောက် ဆိုင်ကယ်တက္ကစီတွေ၊ နောက် သုံးဘီးဆိုင်ကယ်(တုတ်တုတ်)တွေပေါ်လာပြီးတဲ့နောက်ပိုင်း ဗြင်းလှည်းတွေကို မတွေ့ရတော့သလောက်ပါပဲ။ တစ်ခါတစ်ရံ အိမ်ရှေ့ပြင်ဘက်၊ ကမြောကင်းဘက်တော့ တစ်စီးစ၊ နှစ်စီးစ တွေ့ရပါသေးတယ်။
ထန်းပင်တွေကြားက ဖြာကျနေတဲ့ နေရောင်အောက်က မြင်းခွာသံတွေက လွမ်းစရာ။
မိတ်ဆွေတို့မှာရော ဗြင်းလှည်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ မှတ်တမ်းတွေရှိရင် မျှဝေပေးကြပါဦး။







