ဆရာဇော်ဂျီ၏ ထားဝယ်တေးဟောင်းများ

December 20, 2024,

ကိုဆောင်း

မြန်မာစာ စာပေနယ်ပယ်တွင် ကျော်ကြားသော ဆရာဇော်ဂျီက ထားဝယ်တေးဟောင်းများနှင့် ပတ်သက်၍ စာပေလောကဟူသော စာအုပ်တွင် အခန်းတစ်ခန်းရေးသားခဲ့သည်။ ထိုစာအုပ်မှာ ဆရာဇော်ဂျီနှင့် ဆရာကြီး မင်းသုဝဏ်တို့ နှစ်ဦးရေးခဲ့ခြင်းဖြစ်သည်။ စာအုပ်မှာ လွန်ခဲ့သော ၁၉၄၈ ခုနှစ်ကတည်းက ပထမ အကြိမ်ထုတ်ဝေခဲ့သော စာအုပ်ဖြစ်သည်။

ထားဝယ်ဒိန်းသံ ဟူသော မြန်မာဂီတရှိ သီချင်းများရှိကြောင်း ဆရာကဆိုသည်။ ဒိန်းသည်ဟူသော စကား၏ အနက်ကို ဆရာက မှတ်တမ်းတင်ခဲ့သည်။ ထိုမျှမကသေး ထားဝယ်တေးကဗျာများအကြောင်းကို နောက်ခံ၊ ကာလ ဒေသ အချိတ်အဆက်နှင့် အနက်အဓိပ္ပါယ်ကို ဆရာက ဆွေးနွေးထားခဲ့သေးသည်။

ပုဂံခေတ်ကျောက်စာအချို့တွင် သုံးသော အသုံးအနှုန်းများနှင့် ထားဝယ်စကားအသုံးအချို့ တူညီနေသည့်အချက်ကိုလည်း ဆရာက ကျောက်စာပါ အရေးအသား အထောက်အထား အချို့နှင့် ယှဉ်၍ ထည့်သွင်း ဖော်ပြထားခဲ့သည်။ အထူးသဖြင့် (လ) အသံနှော၍ ပြောသည်ကို ထောက်ပြခဲ့ခြင်းဖြစ်သည်။

ဆရာ၏ မှတ်တမ်းတွင် ယခုခေတ်ထားဝယ်သူ/သားများနှင့် မစိမ်းလှသေးသော ထားဝယ်တေးအချို့လည်း ပါသလို ယခုအခါတွင် ကြားရ သိရ ခဲလှသော စာချိုးကလေးများ ကဗျာအတိုကလေးများလည်း ပါနေသည်။

ရှင်တောင့်ပုံတေး၊ မိုးမဝါဘဲကြာလေဘီ ကဗျာ၊ ကွဲသားနှေ့ကောန် ကဗျာနှင့် ကောထောန်းပွဲ တို့မှာ ယနေ့တိုင် မစိမ်းလှသေးသော်လည်း ကျနော်တို့နှင့် စိမ်းနေသော စာချိုးအချို့လည်း ဖတ်ရသည်။ စိတ်ဝင်စားဖွယ်ရာ ထားဝယ်တေးဟောင်းများအကြောင်းဖြစ်ပါသည်။ ထားဝယ်သူ/သားများ၏ ဂီတအနုပညာဖွဲ့နွဲ့မှုကို ထင်ဟပ် နေသည့် မှတ်တမ်းများဖြစ်ပါသည်။

ပုံ/ ၂၀၁၅ခုနှစ်တွင် ပဉ္စမအကြိမ်အဖြစ် စိတ်ကူးချိုချိုစာအုပ်တိုက်မှထုတ်ဝေထားသော စာအုပ်