ထမင်းမြိန်စား ကျီးက နားနှင့်

September 29, 2025,

ဧသင် (ခေတ္တ မဇ္ဇူလာ)

ထားဝယ်တေးဟုဆိုသော ဝါလိုက်ပါတော့မိုး နှင့် ကျွဲသားနှစ်ကောင် (ကွဲသားနှေ့ကောန်)တို့ကို မြန်မာစာ ကျောင်းသင်ခန်းစာများနှင့် အသိများကြသည်။ တကယ်တော့ ထားဝယ်စကားပြောသူများ အကြား ကဗျာစပ်ဆိုမှုမှာ ထင်ထင်ရှားရှားကြီး ရှိမနေဟု ခံစားမိသည်။ ဆိုစရာ ရွတ်စရာ တသစရာ ခံစားစရာ ထားဝယ် ကဗျာများကို အာသီသပြင်းပြနေမိသည်။ ထို့ကြောင့် ရင်ထဲကပေါ်လာသော အရာအချို့ကို ချရေးလိုက်သည်။

ထားဝယ်စကားပြောနေကျသူတို့ ရွတ်ဆိုသော် မထောက်အောင်၊ အဓိပ္ပာယ်လည်း ရှိတန်သလောက် ရှိအောင်၊ ထားဝယ်ဒေသ၏ သရုပ်သကန်လည်း ပေါ်အောင်၊ ထားဝယ်စကား၏ ထူးခြားသော လဆွဲသံ စကားလုံးများကိုလည်း ပေါ်လွင်အောင် ဖွဲ့လိုက်သည်။ မည်သည့် မြန်မာကဗျာစပ်နည်းကိုမျှ ကိုးကားခြင်းမရှိသော်လည်း ရွတ်ဆိုရာတွင် ကာရန် ရအောင်တော့ သတိထား၍ စပ်ထားပါ၏။

အဓိပ္ပာယ် အကျဉ်းကတော့ သည်လိုရယ်။

ထမင်းမြိန်စားရန် စားစရာပြင် ပိန်းကျောက်ပြင်ကို လှီးဖို့ပြင်တော့ ယားနိုင်တယ်လို့ထင်။ နနွှင်းတုံးကို ကျောက်ပြင်ပေါ်တင် (ကြိတ်၍ နနွှင်းထည့်ချက်ရန်)။ ကျောင်းပေါ်တွင် ကျီးလာနားပြန်။ (ဘုန်းကြီးကျောင်းကန်မှာ ထမင်းချက်စားကြဟန်)။ ကျီးကို ခဲနဲ့ပစ်တော့ ကျီးထပြေးပြန်။

ကျောက်ခဲ ပြန်ကျလာတော့ ကျောင်းခေါင်ပေါ်ကျီးက ပြန်လာနားပေါ့။ ဒီလိုနဲ့ လှန့်ပြန်တော့ ကျီးက တခြားကျောင်းဆောင်ဖက် ပြေးသွားတော့။ ဦးထွန်းသိန်းရဲ့ ပိန်းပြင်ကြီးဟာ မြစ်ချောင်းနားမှာ ပေါက်နေပေါ့။ (အဲဒီက ပိန်းတွေရလို့ ချက်မယ်) မျှစ်နဲ့ ပိန်းနဲ့ ဟင်းချိုချက်၊ သီဟိုဠ်ရွက်ဟာ တို့စရာကွဲ့။ ပျဉ်တော်သိမ် လတ်လတ်ဆတ်ဆတ်၊ ငါးလိပ်ကျောက်မီးကင်နဲ့ ထမင်းမြိန် လတ္တံ့။ ထန်းရည်ချဉ်(အောင်းရယ်) နဲ့ ဖျော်ထားတဲ့ ငါးပိဖျော် (ငါးပိသုပ်) ကလည်း ခပ်စပ်စပ်။

🔹မှန်းမ္လီဇား က္လီးနား

ပ္လီးက္လောန့်ပြင် လှီးဖို့ပြင်
ယားမယ်ဆိုထမ်
က္လောန့်ပြင်ထပ်မာ နွှမ်းခဲတမ်။
က္လောန်းထပ်မာ က္လီးနားဗန်
က္လောန့်ခဲနာ့ ပစ်တမ်
က္လီးထ ပ္လေး ပ္လန်
က္လောန့်ခဲ ပ္လန်က္လ
က္လောန်းခေါန်ထမ့်မာ က္လီး ပ္လန်က္လ။
က္လောန်း ပ္လေါန်း ဗီး က္လီးပ္လန်
နောန်းထွန်းသီး ပ္လီး ဗ္လန်
မ္လစ် ခ္လေါန်းနားမာ
ပေါ့န်နေဗန်။
မ္လှစ်နာ့ ပ္လီးနာ့ ဟမ်းသျှိုရှစ်
ရှစ်က္လစ်ဝမ့်ဟှ ပိရှာဖြစ်
ပ္လေါန်းပိနို့ဝမ့် ခပ်လတ်လတ်
လိက္လောန့်ဝါးကမ် မှန်းမ္လီဒမ့်
အောင်းရယ်ပိဖျော် ခပ်စပ်စပ်။