မြန်မာအရေးနှင့် ထားဝယ်သံ
ပုဂံခေတ်မှ အင်းဝခေတ်တိုင် ရေးသားခဲ့သော မြန်မာစာများတွင် (ကျောက်စာများအရ) လဆွဲဗျည်းတွဲကို သုံးသည်ကို တွေ့ရသည်။ မြန်မာစာအဖွဲ့ကလည်း ဤအချက်ကို ဖော်ပြထားသည်။
သို့ရာတွင် သက္ကရာဇ် ၈၀၀ ကျော်လာသောအခါ ထိုအသုံးများ ပျောက်သွားသည်။ ပျောက်သွားရသည့် အကြောင်းရင်းမှာလည်း အသံထွက် ရွေ့လျောမှုကြောင့် ဖြစ်ရာသည်ဟူ၍ မြန်မာစာအဖွဲ့က မှန်းဆထားသည်။
လဆွဲဗျည်းတွဲများ ပျောက်သွားသော်လည်း သူတို့၏ နေရာတွင် ယပင့် နှင့် ရရစ် အစားထိုးဝင်ရောက်လာသည်ဟု ဆိုသည်။ လဆွဲဗျည်းတွဲများကို ကဝဂ်ဗျည်း နှင့် ပဝဂ်ဗျည်း နှင့် ယှဉ်သုံးခဲ့ကြကြောင်း ရှေ့က ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ မြန်မာစာအဖွဲ့၏ ဖော်ပြချက်အရ ယခင်က မြန်မာစာ အရေးသားတွင် ကဝဂ်ဗျည်း နှင့် လဆွဲဗျည်းတွဲ ယှဉ်၍ သုံးစွဲခဲ့ရာမှ နောက်ပိုင်းတွင် လဆွဲနေရာတွင် ယပင့် ကို သုံးလာပြီး ပဝဂ်ဗျည်းနှင့်ယှဉ်သုံးသော လဆွဲနေရာတွင်မူ ရရစ်ကို ပြောင်းလဲသုံးစွဲလာခဲ့ကြောင်း သိရသည်။
ဥပမာ – က္လ မှသည် ကျ သို့ ပြောင်းခြင်း
ပ္လု မှသည် ပြု သို့ ပြောင်းခြင်း။
ဤအပြောင်းအလဲတွင် မြန်မာစာအရေးနှင့် ထားဝယ်အပြောသံ အဆက်အစပ်တစ်ခုကို မြင်လိုက်ရသည်။
မြန်မာစာတွင် ကျ သည်ဟု ဆိုသော် ထားဝယ်က က္လ ဟု ဆိုသည်။
ဥပမာ
အားကျ (မြန်မာစာ) အားက္လ (ထားဝယ်သံ)
မြန်မာစာတွင် ဖြူ သည်ဟုဆိုသော် ထားဝယ်တွင် ဖ္လူ ဟု ဆိုပါသည်။
ဥပမာ
ဆင်ဖြူ (မြန်မာ) ဆင်ဖ္လူ (ထားဝယ်သံ)
သို့ရာတွင် ယနေ့ ထားဝယ်သံတွင် သုံးနေဆဲဖြစ်သော လဆွဲသံပါ စာလုံးများအားလုံး မြန်မာစာတွင် ရှိချင်မှ ရှိမည် ဖြစ်ပါသည်။ ယခုဖော်ပြသော အဆက်အစပ်အတိုင်းလည်း ထပ်တူ အဓိပ္ပါယ် ကျချင်မှကျမည် ဖြစ်သည်။
ဥပမာ – မြန်မာစာတွင် ပြု သည် တခုခုပြုလုပ်သည်ဟု နားလည်နိုင်ပြီး ထိုစာလုံးကို ရရစ်ဖြုတ်ကာ လဆွဲဗျည်းတွဲထည့်၍ အသံထွက်ကြည့်လျှင် ပ္လု ဟုထွက်မည်ဖြစ်ပြီး ထားဝယ်စကားတွင် ပြုတ် (ချက်ပြုတ်၊ ပြုတ်ကျ ဟူသော အဓိပ္ပါယ်မျိုး ရှိသည်။ ဤသို့သော အဓိပ္ပါယ်ကွဲလွဲမှုမျိုးရှိတတ်သည်ကို သတိချပ်မိသည်။
လဆွဲဗျည်းတွဲနေရာတွင် ယပင့် နှင့် ရရစ် အစားထိုးလာခြင်း အဆက်အစပ်နှင့် မြန်မာစာနှင့် ထားဝယ်သံ အကြား အဆက်အစပ်ကို ချိတ်ဆက်နားလည်ကြည့်မိခြင်းကလည်း ထားဝယ်သံကို မြန်မာစာသုံး၍ ရေးကြည့်လျှင် မည်သို့ရှိမည်ကို တွေးဆရာရာတွင် အထောက်အကူပြုမည်ဟု ထင်ပါသည်။
ကျ နှင့် က္လ၊ ချ နှင့် ခ္လ စသော ကဝဂ်ဗျည်း အုပ်စု၏ အပြောင်းအလဲ နှင့် အဆက်အစပ်မှာ နားလည်လွယ်၍ မြန်မာ နှင့် ထားဝယ် အဓိပ္ပါယ် သိပ်မကွဲသေးသော်လည်း ပဝဂ်ဗျည်းအုပ်စုမှာမူ မတူကွဲပြားသော အဓိပ္ပါယ်အချို့ ထွက်သည်ကိုလည်း ဆင်ခြင်မိပါသည်။ ဆက်၍ လေ့လာရန်ကား ကျန်ပါသေးသည်။ စာရှုသူများလည်း တွေးဆကြည့်ပါကုန်။



