ရှေးထားဝယ်တို့ရဲ့ အမည်မှည့်ခေါ်ပုံ
ထားဝယ်ဒေသမှာ တခြားနေရာဒေသတွေနဲ့ မတူညီတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ရှိပါတယ်။
ရှေးခေတ်ကဆိုရင် ပိုလို့တောင် ထင်ရှားပါတယ်။ ခုနောက်ပိုင်းမှာတော့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေက ရောယှက်လာပြီး အချို့ဆိုရင်ပျောက်ကွယ်၊ အချို့ဆိုပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။
အများစု သတိမပြုမိဘဲ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဓလေ့တခုကတော့ အမည်မှည့်ခေါ်ပုံပါ။
ထားဝယ်တွေကိုယ်တိုင်က အဲလို ထားဝယ်နာမည်တွေ မှည့်ရတာကို ဂုဏ်မယူတော့တာ၊ ခေတ်မမှီဘူးလို့ ထင်တာကြောင့် ထင်ပါရဲ့။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာ၊ ပြောင်းရွှေ့ အခြေချနေထိုင်သူတွေများ လာတာနဲ့ရော ဆက်စပ်မလား။ သေချာအောင်ကတော့ သုတေသန လုပ်မှ ရမယ် ထင်ပါတယ်။
လူတယောက်ရဲ့အမည်ကိုကြားလိုက်တာနဲ့ ဒီလူဟာ ထားဝယ်သား၊ ထားဝယ်သူတယောက်လို့ သိနိုင်တဲ့ အမည်မျိုးပါ။
ဘိုးလွန်းသာ၊ ဘသီးတင်(ဘသိန်းတင်)၊ ကြာသီး၊ မဲဒုံး၊ စုကမ်း၊ လွန်းဒင်၊ ပိုသီး၊ စီသွန်း. . . စတဲ့အမည်တွေကတော့ အမျိုးသားတွေမှာ မှည့်ခေါ်လေ့ရှိတဲ့အမည်မျိုးတွေပါ။
အမည်ရှေ့မှာ “ဦး” ထည့်နိုင်သလို “နောန်” “ရီး” လို့လည်း ထည့်ခေါ်ပြောလေ့ရှိပါတယ်။ (ဥပမာ- ရီးဘိုးလွန်းသာ၊ ဦးဘသီးတင်၊ ရီးကြာသီး၊ ဖိုးစီသွန်း….)
မြသီးမေ၊ ပိုသီး၊ လွန်းမေ၊ ပိုညီး၊ ညီးတင်၊ သီးတင်၊ ညီးမေ၊ သွန်းစီ၊ ညှာကြည်. . . စတဲ့အမည်မျိုးတွေကတော့ အမျိုးသမီးတွေမှာ မှည့်ခေါ်လေ့ရှိပါတယ်။
အမည်ရှေ့မှာ “ဒေါ်” ထည့်ခေါ်သလို “မယ်း” လို့လည်း ထည့်လေ့ရှိပါတယ်။ (ဥပမာ- မယ်းမြသီးမေ၊ မယ်းပိုသီး၊ မယ်းလွန်းတင်၊ မယ်းသွန်းစီ၊ မယ်းညီးမေ…)
ဒီလိုအမည်မျိုးတွေကို ထားဝယ်ဒေသတွင်းက ရှေးခေတ်လက်ရာ စေတီပုထိုးတွေ၊ ဘုရားကျောင်းကန်တွေရဲ့ အလှူမှတ်တမ်းတွေမှာ တွေ့ရတတ်ပါတယ်။
အထူးသဖြင့်တော့ ထားဝယ်မြို့ပေါ်မဟုတ်ဘဲ ထားဝယ်နယ်ဘက်ကျေးရွာတွေမှာ ပိုတွေ့ရတတ်ပါတယ်။
မိတ်ဆွေတို့ရဲ့ ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ ထားဝယ်အငွေ့အသက်ပါတဲ့ အမည်တွေရှိရင်လည်း comment မှာရေးသွားပေးကြပါဦး။















