လဆွဲဗျည်းတွဲ နှင့် ထားဝယ်စကားသံ

April 24, 2025,

ဧသင်

ထားဝယ်စကားသံကို အနီးစပ်ဆုံးရေးကြည့်နိုင်ရန် မြန်မာစာ အက္ခရာများနှင့် စားလုံးပေါင်းစနစ်များ ရှေးမြန်မာကျောက်စာ အချို့ပါ စာလုံးပေါင်းပုံ၊ ရေးပုံကို စူးစမ်းကြည့်မိပါသည်။
ဤသို့ ဖတ်ကြည့်နေရင်းမှ ရှေးကျောက်စာများတွင် (ယနေ့ခေတ်ထားဝယ်များ သုံးနေသေးသော) လဆွဲသံ အရေးများကို သတိထားမိခဲ့သည်။ ထိုလဆွဲဗျည်းတွဲများ နောက်ပိုင်းတွင် မတွေ့ရတော့ဘဲ ပျောက်သွားသည်ကို တွေ့ရသည်။
ပုဂံခေတ်မှသည် အင်းဝခေတ်အထိရှိပြီး နောက်ပိုင်းကျောက်စာများတွင် မတွေ့ရတော့ပေ။
ဤသည်မှာ ပြောသည့်လေသံ၊ စကားသံ ပြောင်းလဲသွားခြင်းကြောင့်ဟုလည်း ယူဆသူများရှိသည်။ သက္ကရာဇ် ၈၀၀ ကျော်ကာလတွင် လအသံတိမ်ကောသွားသည်ဟု ဆိုသည်။
စိတ်ဝင်စားဖွယ်တချက်မှာ လဆွဲဗျည်းတွဲများကို က ဝဂ်ဗျည်းများနှင့် ပဝဂ်ဗျည်းများနှင့် ယှဉ်သည်ဟု မြန်မာစာအဖွဲ့က ဖော်ပြသော အချက်ဖြစ်သည်။
ထိုအသုံးမှာ ယခင်က ကျောက်စာများတွင် တွေ့ခဲ့ရပြီး နောက်ပိုင်းတွင် တိမ်ကောသွားသည်ဟုလည်း ဆိုထားသည်။
ထားဝယ်စကားသံတွင် လဆွဲ အသံသည် က ဝဂ်ဗျည်းအချို့ နှင့် ပ ဝဂ်ဗျည်းအချို့ သုံး၍ပြောသည့် စကားသံတွင် ရှိနေခြင်းပင်။
ဥပမာ –
က ဝဂ်ဗျည်းများတွင် က နှင့် ခ
/က္လ/ = ကျ။
/ခ္လ/ = ချ။ (ဂ၊ ဃ၊ င အသံတွင်မထင်ရှား)
ပ ဝဂ်ဗျည်းများတွင် ပ၊ ဖ၊ ဗ၊ ဘ နှင့် မ
/ပ္လန်/ = ပြန်
/ဖ္လူ/ = ဖြူ
/ဗ္လု/ /ဘ္လု/ = ပေါ့ရွှတ်ရွှတ်အရသာ
/မ္လီ/ = မြိန်
ထားဝယ်စကားသံကို မြန်မာစာနှင့် ရေးကြည့်လိုလျှင် ယခင်ပုဂံခေတ်မှ အင်းဝခေတ်အထိ အသုံးရှိခဲ့ဖူးသော လဆွဲဗျည်းတွဲများ သုံးပုံကိုကြည့်၍ စာလုံးပေါင်းကြည့်လျှင် နီးစပ်မည်ဟု ယူဆရသည်။
ဤလဆွဲသံမှာ ထားဝယ် စကားသံ၏ တမူထူးခြားသော လက္ခဏာတခုလည်း ဖြစ်ပါသည်။
 
📍ကိုးကား – https://web.archive.org/web/20180721073327/http://www.myanmarlanguagecommission.myn.asia/