ထားဝယ် ရုပ်ရှင်ရုံတွေ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလလောက်က ထားဝယ်မှာရုပ်ရှင်ရုံတွေပြန်ဖွင့်ပြီး ပြန်လည်ပြသခဲ့ပါတယ်။
ကြိတ်ကြိတ်တိုးစည်ကားတဲ့ အခြေအနေမျိုးတော့မတွေ့ရပါဘူး။ ကိုဗစ်မတိုင်မီက တစ်ကျော့ပြန်ခေတ်စားတဲ့ရုပ်ရှင်ရုံတွေမှာ အတန်အသင့်တော့ လူစည်ခဲ့ပါရဲ့။
ရုပ်ရှင်ရုံဆိုလို့ ထားဝယ်မှာ ရွှေဝယ်သီရိ (အရင်က ယူနီဗာဆယ်ရုံလို့လည်းခေါ်ခဲ့ဖူးတယ်။ နောက်တော့ရွှေဝယ်သီရိ၊ ခုတော့ မင်္ဂလာသီရိ)၊ လုပ်သား၊ နှင်း ဆိုတဲ့ ရုပ်ရှင်ရုံတွေရှိခဲ့ဖူးတယ်။
ဒီထက်စောတဲ့ကာလတွေတုန်းက ဆိုရင် New Light (နောက်တော့ လုပ်သားရုံဖြစ်သွားတယ်) ။ ကမ်းနားရုံလို့လည်းရှိခဲ့ဖူးတယ်ဆိုတယ်။ ဒီရုံတွေမှာ ရုပ်ရှင်ဇာတ်ကားရုံတင်ပြမယ်ဆိုရင် ကားပုံး(ဖလင်ဘူးသေတ္တာ)ကို ရန်ကုန်ကနေလေယာဉ်နဲ့သယ်ခဲ့ရတယ်။
မိုးတွင်းကာလ ရာသီဥတုဆိုးလို့ လေယာဉ်မလာနိုင်ဘူးဆိုရင် ပြသမယ်လို့အတိအကျကြေညာထားတဲ့ဇာတ်ကားကို မပြသနိုင်ခဲ့ဘူး။ ရုံတင်ပြမယ့်ရုပ်ရှင်ကားအတွက် ကြော်ငြာကို မြို့ထဲမှာကားနဲ့လှည့်ပြီးကြော်ငြာလေ့ရှိတယ်။
လွန်ခဲ့တဲ့ ၁၉၇၇ ခုနှစ်တစ်ဝိုက် တနင်္သာရီမြို့လေးမှာဆိုရင် ရုပ်ရှင်ကြော်ငြာတာကို နွားလှည်းပေါ်မှာ ရုပ်ရှင်ဇာတ်ဝင်ခန်းဓာတ်ပုံတွေ သုံးထပ်သားပေါ်ကပ်ပြီး မောင်းတဒူဒူထုပြီးကြော်ငြာခဲ့တာ။
ကျွန်တော်သိမီတဲ့ ထားဝယ်မှာတော့လက်ကမ်းကြော်ငြာစာရွက်ကိုဖြန့်ကျဲပြီး ကြော်ငြာတာအမှတ်ရပါတယ်။ (ကလေးဘဝတုန်းကတော့ ပရိုဂရမ်စာရွက်လို့ခေါ်သလားပဲ)။ အဲဒီစာရွက်တွေကို တခုတ်တရတမြတ်တနိုးစုဆောင်းခဲ့ကြတာပါ။
ကိုယ်နှစ်သက်တဲ့ သရုပ်ဆောင်ပုံတွေကို သိမ်းဆည်းထားချင်တာမို့မရမက စုဆောင်းထားဖြစ်ကြတာများပါတယ်။ ခုတော့ ထားဝယ်မှာ အောင်မင်္ဂလာ (အရင်က New Light ၊ လုပ်သား) တစ်ရုံပဲရုပ်ရှင်ပြတော့တယ်။
ရုံဆင်ကြော်ငြာတွေကအရင်ကဆို ထားဝယ်က နာမည်ကြီးပန်းချီဆရာတွေရဲ့ လက်ရာတွေ။ ပန်းချီဦးထူးညွန့်၊ ပန်းချီထွန်းကြည်တို့ရဲ့လက်ရာတွေ…။
ခုခေတ်တော့ ဗီနိုင်းတွေနဲ့ ခေတ်မီလှပပေမဲ့ ဟိုးအရင်ကလို ကြော်ငြာစာရွက်တွေဝေတာမျိုးမတွေ့ရတော့ဘူး။ ရုပ်ရှင်ပြချိန်ကလည်းနေ့လယ်တစ်ချိန်တည်းရယ်။
ရုံပြည့်ရုံလျှံမရှိပေမဲ့ သူ့ပရိသတ်နဲ့သူတော့ အနည်းအကျဉ်းရှိသား။ စီးပွားရေးအရတော့ တွက်ခြေကိုက်ပါ့မလားပဲ။
ရုပ်ရှင်တစ်ကားပြသရာမှာ တစ်နေရာကအရေးပါတဲ့ ကြော်ငြာစာရွက်တွေကို မတွေ့ရတော့ပေမဲ့ တစ်ချိန်တုန်းက ပရိုဂရမ်စာရွက်တဖြစ်လဲ ရုပ်ရှင်လက်ကမ်းကြော်ငြာစာရွက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။



