ထားဝယ်သား ပန်းချီပညာရှင် ဆရာသိန်းမြင့်သိန်း
ထားဝယ်သား ပန်းချီပညာရှင် ဆရာသိန်းမြင့်သိန်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေက ရန်ကုန်မြို့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၀ ရှိပါပြီ။
ဆရာဟာ ထားဝယ်ဇာတိဖြစ်ပြီး ပန်းချီဆရာကြီး ဦးငွေကိုင်၊ ဦးခင်လှိုင်၊ ဆရာကြီး ဦးအောင်ထွေး အပါအဝင် ပန်းချီဆရာကြီးများထံမှာ ပညာသင်ကြားခဲ့သူ ဖြစ်ပါတယ်။
၁၉၆၅ ခုနှစ် ကနေ ၁၉၆၈ ခုနှစ်အထိ မန္တလေးမြို့ အနုပညာသင်တန်းကျောင်းမှာ Fine Art ကို လေ့လာခဲ့ပြီး ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေမှာလည်း ပန်းချီပညာ လေ့လာခဲ့တယ်လို့ သိရပါတယ်။
ဆရာ သိန်းမြင့်သိန်းဟာ ရုပ်ရှင်ပိုစတာရေးဆွဲရာမှာလည်း ထင်ရှားသူ တစ်ဦး ဖြစ်ပါတယ်။
ထားဝယ်ဒေသဟာ ပန်းချီအနုပညာနဲ့ပတ်သက်ရင် ရေခံမြေခံကောင်းတဲ့ ဒေသတစ်ခုဖြစ်ပြီး ကမ္ဘာကျော်၊ နိုင်ငံကျော် ထင်ရှားတဲ့ ပန်းချီအနုပညာရှင်များ မွေးဖွားရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ဆရာသိန်းမြင့်သိန်း ကွယ်လွန်ခြင်းဟာ ထားဝယ်ပန်းချီလောကအတွက် ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ပါတယ်။
Tanintharyi Gallery အနေနဲ့လည်း အနုပညာရှင်တစ်ဦး ဆုံးရှုံးမှုအတွက် များစွာ နှမြောတသ ဖြစ်မိပါတယ်။
အခုဖော်ပြထားတဲ့ ပုံတွေကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ထားဝယ်မြို့မှာ လူငယ်ပန်းချီဆရာ ရဲရဲ ရဲ့ Tattoo Art Studio ဖွင့်ပွဲမတိုင်မီ တစ်ရက်မှာ ဆရာသိန်းမြင့်သိန်းက ရေဆေးလက်တွေ့ ရေးဆွဲပြတဲ့ အခိုက်အတန့်မှာ မှတ်တမ်းတင်ထားတဲ့ ပုံတွေ ဖြစ်ပါတယ်။












