ထားဝယ်ကဗျာ ဆိုစရာ
ဆောင်းသည် မပီသသေး။ မိုးကလေးကလည်း သံယောဇဉ်မပြတ်ချင်ချင် ဖြစ်နေသော ဥတုရာသီ။ ထိုသို့သော အချိန်ကာလ တနေ့သ၌ မိုးများစွာသွန်းလေသဖြင့် ထားဝယ်ကို လွမ်းသော စိတ်တို့ တားမရအောင်ဖြစ်မိ၏။
ထိုအလွမ်းများကို အရင်းပြု၍ ထားဝယ်အကြောင်းတွေးတောကာဖြင့် ရွတ်ဆိုစရာကဗျာကလေးများ ချရေးဖြစ်နေမိသည်။ ထိုအထဲမှ ကဗျာ တစ်ပုဒ်ကို မျှဝေလိုက်ပါ၏။
ထန်းရယ်ရာသီ
ထားဝယ်မာ ထန်းဗန်ပေါ
မိုးကူဗီဆို
ညစ်တပ်ကောန်း
မိုးလန်းရယ်ရှို ကောန့်ညှင်းဗောန်း။
နေ့ဖတ် နေဒန် ရယ်ခါး က္လ
လဲဗ္လန်တဲမာ လူစယ်ဇာ့
ပဲဂီးဇေ့န ကွမ့်ခြော်ရ
ဗြိုးဇာကောန်းန များများချ
ထန်းဗန်တပ်မား အုဒတ်ဇ။
—–
ထားဝယ်တွင် ထန်းပင်ပေါ၏။ ပေါနေသေး၏။ မိုးလေကင်းလွတ်သော် ထန်းရာသီ အသက်ဝင်လာပြီ။
ထို့ကြောင့် ကဗျာတွင် ထားဝယ်တွင် ထန်းပင်ပေါကြောင်း၊ ထန်းလျက်လည်း ချက်နိုင်ကြောင်း၊ မနက်ခင်းတွင် ထန်းရည်ချိုကို ကောက်ညှင်းပေါင်းနှင့် တွဲ၍ စားနိုင်သလို၊ နေမြင့်လာချိန် နေ့ခင်းနှင့် ညနေတွင် ထန်းရည်ခါး ရကြောင်း၊ လယ်ခင်းယာပြင်ရှိ ထန်းတဲ (ထန်းရည်ရသောတဲ)များတွင် လူစည်တတ်ကြပြီး ပဲလှော်နှင့် ကြွက်ကြော် အမြည်းကောင်းကောင်း ရနိုင်ကြောင်း၊ အမြည်းကောင်းဖြင့် များများ သောက်သုံးကြသဖြင့် ထန်းတက် သမား သည်လည်း လွန်စွာ မောပန်းရနိုင်ကြောင်းကို ထည့်ဖွဲ့ထားပါသည်။




