ထားဝယ်စကား ရောက်တတ်ရာရာ
တနေ့သ၌ အဖွားသည် မိုးတဖွဲဖွဲရွာနေသည်တွင် အိမ်ထဲ၌ အေးအေးလူလူ နေရင်း ရောက်တတ်ရာရာများကို ပြောပြလေသည်။ ရောက်တတ်ရာရာ ဖြစ်သည့်အတိုင်း သူ၏ အတွေးတွင် ပေါ်သမျှကို မျှဝေ၏။
သူသည်ကား အသက်ရှစ်ဆယ်စွန်းပြီဖြစ်၍ သူ၏ ထားဝယ်စကားမှာ ယနေ့ ခေတ်ပြောပုံဆိုပုံနှင့်ကွာသလို သူဖြတ်သန်းခဲ့ရသည့် ခေတ်အခြေအနေများကား သူ၏ ရောက်တတ် ရာရာ မျှဝေရာတွင်လည်း ထင်ဟပ်နေလေသည်။
မှတ်မှတ်ရရသူက ပါဠိကလေး တလုံးစ နှစ်လုံးစ ရွတ်၏။ “ယံမင်္ဂလံ စိန္တယိံသု…” ဟုရွတ်ရာ အဖွားသည် တရားစာရွတ်နေသည်ထင်၏။
ထိုသို့ ရွတ်ရင်းမှ “ယံမင်္ဂလံ စိန္တေယိံသု.. ချာချဉ် ခ္လေးဒု” ဟု အရွှန်းဖောက် လေသည်။ ထိုအခါတွင် နားထောင်ရသူကား ပြုံးရုံမက တဝါးဝါးရယ်မိလေသည်။
တကယ်တော့သည်စာသားလေးမှာ ထားဝယ်စကား /ချာချဉ် ခ္လေးဒု/ က အသက်ဖြစ်သည်။
မဖြစ်နိုင်သည်ကို ချဲ့ကားသဖြင့် အတိသယဝုတ္တိလင်္ကာပင် မြောက်သလားမသိ။ ပြီးတော့ ကာရန် အရလည်း စိန္တယိံသု နှင့် ခ္လေးဒု (သု နှင့် ဒု) မှာ အဆုံးသံများ (အု) ညီနေ၏။
နားထောင်သူများကတော့ ခါချဉ်ကောင်၏ ချေးတုံးကြီးကို မှန်းဆနေမိမည်ထင့်။
တနေရာတွင် အဖွားသည် အောက်ပါစာချိုးကလေးကို ချိုးပြန်သည်။ အဖွားလိုပင် အမေလည်း သည်စာချိုးလေးကို လေ့နေတတ်သည်။
“လားမဟှား ဘုဘေ၊
ပ္လီးဒေါထဲမာနေ။
ဆန်တဗြယ် ငွေတမတ်၊
လားမ မုချော့န်ငတ်။ “
ဤကဗျာစာချိုးကား မည်သည့် အဓိပ္ပာယ်ရှိသည်ကို မေးသော်လည်း တိကျသည့်အဖြေကားမရ။
စကားလုံးများကို အဓိပ္ပာယ်ဖော်ကြည့်လျှင် မခက်သော်လည်း တပုဒ်လုံး အနေဖြင့် ဆိုလိုသည့် အကြောင်းအရာ၊ ခေတ်ကာလ ဒေသ နောက်ခံနှင့် မည်သူက ဤကဲ့သို့ ကာရန် အလွန်လှသော စာချိုးလေးကို စပ်ခဲ့သည်ကို သိချင်စိတ်ပြင်းပြလာမိသည်။
အများအားဖြင့် ကဗျာစပ် စာချိုးချိုးလျှင် မူလ ပကတိ အဓိပ္ပာယ်အပြင် တင်စားသော၊ ဝှက်ထားသော၊ အတိတ် နမိတ်များထည့်ထားတတ်၍ ဤ စာချိုး၏ အကြောင်းသိလိုချင်ပင်တည်း။
ကာရန်တွင် အဆုံးသံများဖြစ်သော ဘေနှင့်နေ (အေ အသံ) နှင့် မတ် နှင့် ငတ် (အတ် အသံ) တို့မှာ လှပ ပြတ်သားနေ၏။ ဆို၍ ချောလှပေသည်။
ထိုစာချိုးကို ဖတ်၍ ရောက်တတ်ရာရာ အဓိပ္ပာယ်လိုက်ဖော်မိသည်။ သို့သော် အများကြီးမတွေးမိ။
လားမဟှား ဘုဘေ သည် ပုသော လူအမျိုးသမီးလော ၊ ငှက်လော။ ပ္လီးဒေါထဲမာ နေ ဆိုသည်က အကယ်၍ လူဆိုလျှင် ပိန်းတော ဆိုသော ရွာ (အရပ်)တွင် နေသည်ကို ညွှန်း၍ ငှက်ဆိုလျှင်တော့ ခြုံပုတ်တွင် အသိုက်ဖွဲ့နေတတ်သည့် ငှက်မျိုးဖြစ်မည်ထင်၏။
သို့ရာတွင် တပုဒ်လုံးကို ကြည့်လျှင် လားမ မှာ မုန့်စားတတ်သည့် သဘောလည်းပါသောကြောင့် လူဖြစ်တန်ရာသည်။
ဆန်တဗြယ် ငွေတမတ် ကတော့ ခေတ်ကာလတခုက ဆန်ဈေး အဖိုးခငွေ တမတ် ကိုဆိုလိုသလား ဟု ဆဝါးကြည့်သည်။ သို့သော် နောက်တွင် လားမ မုချောန့်ငတ် ဟုထပ်ဆိုထားသဖြင့် ငွေတမတ်မှာ ဆန်တပြည် ကြိတ်ခ အတွက်ပေးရသော အဖိုးခလားဟုတွေးမိပြန်သည်။
ဆန်ကြိတ်သည်ကား မုန့် လုပ်ရန်ဖြစ်နိုင်သည်။ ဆန်တပြည် ငွေတမတ်ပေးရသဖြင့် ဈေးတက်ပုံရသည်။
ထို့ကြောင့် လားမ မှာ မုန့်ခြောက် မစားနိုင်ဟု ထင်သည်။ သို့သော်လည်း ဤသည်ကား ရောက်တတ်ရာရာ မှန်းဆချက်သာ ဖြစ်ချေသည်။




