ထားဝယ်ကျော်မင်းရဲ့ သုံးထောင်စံကိုယ်တွေ့မှတ်တမ်း

August 14, 2026,

ရေသာမန်

အခုညွှန်းမယ့် စာအုပ်ကတော့ “ထားဝယ်ကျော်မင်းရဲ့ သုံးထောင်စံ ကိုယ်တွေ့မှတ်တမ်း” ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။

အဲဒီစာအုပ်က ၁၉၆၉ ခုနှစ် စာပေဗိမာန်စာမူဆု စာပဒေသာတတိယဆု ရထားတာဖြစ်ပြီး ၂၀၂၀ခုနှစ်မှာ ပါရမီစာပေကနေ ဒုတိယအကြိမ် ထုတ်ဝေထားတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။

စာအုပ်ထဲမှာ ၁၉၄၁ ဒီဇင်ဘာကနေ ၁၉၄၂ ဇွန်လထိ စာရေးဆရာကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

ပေးထားတဲ့ နာမည်အတိုင်းပဲ ထားဝယ်ထောင်၊ ပုသိမ်ထောင်နဲ့ ရွှေဘိုထောင်တွေထဲမှာ ရက်ပေါင်း (၁၄၀) အထိန်းသိမ်းခံခဲ့ရတာတွေ၊ ထောင်တွင်းအတွေ့အကြုံတွေနဲ့ ကလပ် ( လူတန်းစား အလွှာ ) ခွဲထားပုံတွေ၊ ကမ္ဘာစစ်အတွင်း ထောင်တွင်းအခြေအနေတွေ၊ ခေတ်စားတဲ့ ပုဒ်မတွေ၊ လမ်းတလျှောက် သခင် ရဲဘော်ရဲဘက်တွေ အပြန်အလှန်ကူညီကြတာတွေ၊ ထောင်ထဲရှိနေတုန်း လေယာဉ်နဲ့ ဗုံးကြဲတဲ့ဒဏ်ကို ခံရပုံတွေအပြင် ထောင်ကလွတ်လာပုံတွေကိုလည်း စိတ်ဝင်တစား ဖတ်ရှုရမှာ ဖြစ်ပါတယ်။

အဲဒါအပြင် ထားဝယ်ကျော်မင်းရဲ့ ညီ ဗိုလ်ကျော်ဆန်းရေးထားတဲ့ ဘီအိုင်အေစစ်ကြောင်း ဆိုတဲ့တစ်ပုဒ်လည်း ပါဝင်ပါသေးတယ်။ အဲဒီတစ်ပုဒ်မှာတော့ ထားဝယ်မြို့ကနေစပြီး ဘီအိုင်အေဖွဲ့စည်းပုံတွေ၊ လူထုတွေ ပါဝင်ကြပုံတွေ၊ မြန်မာပြည်အထက်ပိုင်းအထိ အခက်အခဲတွေ ကြားကနေသွားလာ စားသောက်ရပုံတွေ၊ လမ်းတလျှောက် ကြုံတွေ့ရတဲ့ အခြေအနေတွေအပြင် အပြန်ခရီးမန္တလေးအရောက်မှာ ဘီအိုင်အေဖျက်သိမ်းပုံတွေအထိ ပါဝင်ပါတယ်။

စစ်ကြောင်းမှာ ထားဝယ်သားတွေ အများဆုံးပါဝင်ပြီး အများဆုံးသေကြေကြတာအပြင် အပြန်ခရီးမှာ အင်အား ဆယ်ပုံတစ်ပုံပဲ ကျန်ခဲ့ပုံတွေကိုလည်း ပြောပြထားပါတယ်။ နောက်ဆုံး ဘီအိုင်အေကျောက်တိုင် ထူထားခဲ့တဲ့ အကြောင်းအရင်းတွေကိုလည်း သိရပါသေးတယ်။

ထူးခြားမှုတစ်ခုကတော့ ရွှေဘိုထောင်ကနေ လွတ်လာတဲ့ အစ်ကိုနဲ့ ဘီအိုင်အေစစ်ကြောင်းက ညီလေးတို့ လမ်းခုလတ်မှာ အမှတ်မထင်ဆုံကြတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီစာအုပ်လေးဖတ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ထားဝယ်မြို့အကြောင်းကိုလည်း အနည်းငယ်တို့ထိခွင့်ရမှာ ဖြစ်ပါတယ်။