ထားဝယ်မြို့အရှေ့တောင်ဘက်က ရတနာသိုက်
ထားဝယ်အရှေ့တောင်ဘက်မှာ ရတနာသိုက်တစ်ခုရှိပါတယ်။
ထားဝယ် -မြိတ်ကားလမ်းပေါ် ကူးတို့ကျေးရွာမှာရှိတဲ့ လျောင်းတော်မူဘုရား(ထားဝယ်ဒေသခံတွေကတော့ ရွှေသာလျောင်းလို့ခေါ်ကြတယ်)ခြေရင်းမှာရှိတဲ့ ပိဋကတ်တိုက်ကျောင်းကို တင်စားခေါ်လိုက်တာပါ။
ပိဋကတ်တိုက်ကျောင်းလို့ အမည်တွေ့လိုက်ကတည်းက ပိဋကတ်စာပေတွေရှိလို့ဆိုတာ သိသာပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ဒီတိုက်ကျောင်းရဲ့ ရာဇဝင်နဲ့ ယဉ်ကျေးမှုဆိုင်ရာပစ္စည်းတွေပါ။
ပိဋကတ်တိုက်ကျောင်းရာဇဝင်က ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီးလက်ထက်က စပါတယ်။
ထားဝယ်ကနေ မန္တလေးမှာ စာသွားသင်တဲ့ဆရာတော်တွေဖြစ်တဲ့ အရှင်သာရမဉ္ဇူသာနဲ့ အရှင်ဣန္ဒဝံသတို့ဟာ သက္ကရာဇ် ၁၂၁၉ ခုနှစ်မှာ ထားဝယ်ကို ပြန်ကြွလာပြီး ကညုံရပ်က မြေတိုက်ကျောင်းမှာ သီတင်းသုံးတယ်။
အရှင်ဣန္ဒဝံသက ကူးတို့ရွာနားက စပါးတောင်ခြေရင်းမှာ တောရဆောက်တည်ပါတယ်။
တောရဆောက်တည်နေတဲ့ ဆရာတော်ကို လူသိများလာပြီး ဒကာ၊ဒကာမတွေ၊ပရိသတ်တွေက လိုက်လာပါသတဲ့။
ဒီအချိန်မှာပဲမန္တလေးနေပြည်တော်မှာ ပဉ္စမသင်္ဂါယနာတင်တဲ့အချိန်နဲ့တိုက်ဆိုင်နေပြီး မင်းတုန်းမင်းနဲ့ မိဖုရားခေါင်ကြီး၊ စိန်တုံးမိဖုရားနဲ့ သားတော်သမီးတော်တွေက ပိဋကတ်သုံးပုံ(ပေမူ)ကိုလှူဒါန်းတဲ့အတွက် ၁၂၄၇ခုနှစ်မှာ ထားဝယ်မြို့၊တလိုင်းထိန်ရပ်က ဦးစစ်ထိုင်၊ ဒေါ်ကျော့တို့က အုတ်ကျောင်းကြီးတစ်ဆောင်ကို လှူဒါန်းခဲ့ရာက ပိဋကတ်တိုက်ကျောင်းရယ်လို့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ (လျောင်းတော်မူဘုရားသမိုင်း- ဦးသန်းဆွေ ရေးတာကို ကိုးကားပါတယ်)
ပိဋကတ်သုံးပုံပေမူတွေကို ထည့်သွင်းထားရှိတဲ့ စာတိုက်သေတ္တာ ဘီရိုကြီးတွေက အင်မတန် မှ လက်ရာမြောက်လှပါတယ်။ ဒါ့အပြင် ပေစာတွေကိုထုပ်ထားတဲ့ အဝတ်ကဒီဇိုင်းတွေကလည်း အဆင့်မြင့် လှသလို နှောင်းလူတို့အနေနဲ့ လေ့လာသင့်တဲ့ အနုပညာလက်ရာတွေပါ။
ဒါ့အပြင် ပေစာထုပ်ကြိုးက အက္ခရာပုံတွေ၊ ဆုတောင်းစာတွေကလည်း ဘာသာစကားရှုထောင့်ကနေ လေ့လာသင့်လှပါတယ်။
ပိဋကတ်တိုက်မှာ နောက်ထပ်လေ့လာစရာ ရတနာတစ်ပါးက ကုန်းဘောင်ခေတ်လက်ရာပန်းချီကားတွေပါ။
အလျား ပေ ၂၀၊ အနံ ၃ ပေ လောက်ရှိတဲ့ ပန်းချီကားတွေပါ။ ကုန်းဘောင်ခေတ် ပန်းချီအကျော် ဆရာခြုံနဲ့ခေတ်ပြိုင်လက်ရာတွေပါ။ ပိဋကတ်တိုက်ကျောင်းရဲ့ အောက်ထပ် တံခါးချပ်တွေက သစ်ထွင်းပန်းပုလက်ရာတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။
ထူးခြားတာက အဲဒီသစ်ထွင်းပန်းပုတွေက တရုတ်လက်ရာဟန်နွှယ်နေတာပါ။
ဘာကြောင့်တရုတ်လက်ရာဟန်နွှယ်နေလဲ စဉ်းစားကြည့်တဲ့အခါ လွတ်လပ်ရေးမရခင် ထားဝယ်သူဌေးတွေက သတ္တုမိုင်းလုပ်ငန်းရှင် တရုတ်နွယ်ဖွားတွေဖြစ်နေတာလည်းတစ်ကြောင်းပါပါလိမ့်မယ်။
ထားဝယ်ရှေးဟောင်းသာသနိက အဆောက်အအုံတွေ လေ့လာရင် တရုတ်အနွယ်သူဌေးတွေရဲ့ အလှူကမ္ပည်းတွေတွေ့နိုင်ပါတယ်။
ခုတစ်ပတ်Gallery မှာတင်ပြထားတဲ့ ပုံတွေက ၂၀၁၃ ခုနှစ်လောက်တုန်းက ရိုက်ကူးထားဖြစ်တဲ့ပုံတွေပါ။
ဒီဓာတ်ပုံတွေရိုက်ကူးပြီးနှစ်တွေမှာ ရန်ကုန်က ရှေးဟောင်းသုတေသနအဖွဲ့တစ်ဖွဲ့(အစိုးရအဖွဲ့အစည်းမဟုတ်ပါ) က စနစ်တကျသန့်ရှင်းရေး၊ထိန်းသိမ်းရေးတွေဆောင်ရွက်ထားပြီးဖြစ်လို့ ပုံပါအတိုင်းထက် သပ်ရပ်နေကြောင်း သိရပါတယ်။
ခုတော့ နယ်မြေအနေအထားကြောင့် ခရီးသွားဧည့်သည်တွေအရောက်အပေါက်နည်းတော့ (ယခင်ကလည်း ခရီးသွားတွေက လျောင်းတော်မူဘုရားဘက်လာကြပေမဲ့ ပိဋကတ်တိုက်ကျောင်းကိုတော့ အရောက်အပေါက် နည်းပါတယ်။) ပိဋကတ်တိုက်ကျောင်းဟာတိတ်ဆိတ်ငြိမ်သက်လျက်ပါပဲ။
ဘယ်လိုပဲဖြစ်ပါစေ။ ယဉ်ကျေးမှု အမွေအနှစ်တွေမို့ မပျောက်ပျက်အောင် ၊ မပျက်စီးအောင်တော့ ထိန်းသိမ်းကြရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

















