ရှေးကျောက်စာနဲ့ ထားဝယ်လို

March 13, 2026,

ဧသင်

ရှေးမြန်မာကျောက်စာအချို့မှာ ယနေ့ထားဝယ်တွေသုံးဆဲ အသုံးနှုန်းတွေကို ‌တွေ့ရကြောင်း ပညာရှင် အချို့က ထောက်ပြထားခဲ့ပြီးသားပါပဲ။

ရှေးကျောက်စာတွေနဲ့ ထားဝယ်သံ အဆက်အစပ်အချို့ကိုလည်း စာရေးသူ အလျဉ်းသင့်သလို ဆွေးနွေးခဲ့ဖူးပါတယ်။

မြန်မာစာနဲ့ ထားဝယ်လိုအသံထွက်ကို ရေးကြည့်ချင်သူတွေ အဖို့တော့ ရှေးကျောက်စာတွေဟာ လမ်းစကောင်းလို့ မြင်မိပါတယ်။ ဒီအတွက် အချက်အလက်၊ အတွေးအမြင်အချို့နဲ့ ဆွေးနွေးကြည့်ချင်ပါတယ်။

(၁) အစောပိုင်း သက္ကရာဇ် ၅၀၀ ကျော် ကာလတွေမှာ ထိုးခဲ့တဲ့ ကျောက်စာတွေ အတော်များများမှာ လဆွဲသံ ရေးထုံးများစွာ ပါပါတယ်။ လဆွဲသံထည့်ပြောတာဟာ ထားဝယ်စကားရဲ့ ဝိသေသ တခုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ရှေးကျောက်စာတွေ ဘယ်လို စာလုံးပေါင်းသလဲ ဆိုတာ နဲ့ ထားဝယ်စကားသံ နဲ့ ကျောက်စာရဲ့ နီးစပ်မှုကို ခြေရာကောက်ကြည့်တာတွေ လုပ်လို့ရပါတယ်။

(၂) အချို့သော ကျောက်စာရေးထုံး စာလုံးပေါင်းပုံတွေဟာ ဒီကနေ့ ထားဝယ်စကားမှာ သုံးဆဲ အဓိပ္ပာယ်နဲ့ ထပ်တူညီပါတယ်။

ဥပမာ – မ္လတ် (မြတ်)၊ မ္လေ (မြေ) ၊ ဖ္လူ (ဖြူ)၊ မ္လစ် (မြစ်)၊ က္လာ (ကျား)၊ ပ္လည္အ် (ပြည့်)၊ ပိနှဲပန် (ပိန္နဲပင်)၊ ကျောန် (ကျွန်) ။ ဒါတွေဆိုရင် တိုက်ရိုက်ယူသုံးလို့ရတဲ့ အသုံးတွေပါပဲ။ (ရှေးခေတ် မြန်မာကျောက်စာတွေမှာ ဝစ္စနှစ်လုံးပေါက်၊ အောက်မြစ် စတာတွေ မတွေ့ရတာမို့ ဖြည့်သုံးလို့ ရနိုင်ပါတယ်။)

ပြီးတော့ ဒီဖောင့်နဲ့ ရေးပြလို့ မရတဲ့ ချွတ် နဲ့ ကျွတ် ဆိုတဲ့ ကျောက်စာ အရေး နှစ်ခု ဆိုရင်လည်း တိုက်ရိုက်ယူသုံးလို့ ရနိုင်ပါတယ်။

(၃) တချို့ရေးထုံးတွေကတော့ မူလကျောက်စာရဲ့ ဆိုလိုရင်းအဓိပ္ပာယ်နဲ့ ယနေ့ ထားဝယ်တွေ သုံးနေတာနဲ့ ကွာသွားပါတယ်။

ဥပမာ – ပ္လု နဲ့ ဖ္လစ် မှာ ကျောက်စာပါ ဆိုလိုရင်းက ပြု တာ နဲ့ ဖြစ် တာကို ဆိုလိုပါတယ်။ ဒီကနေ့ ထားဝယ်စကားမှာတော့ အဲဒါဟာ ပြုတ် တာနဲ့ ဖျစ် တာကို ညွှန်းပါတယ်။

အက္လိုဝ် (အကျိုး) ဆိုရင်လည်း ထားဝယ်စကားမှာ အကျိုးကျေးဇူးအနေနဲ့ မသုံးတော့ဘဲ ကျိုးပဲ့ တာမျိုးကိုပဲ သုံးပါတော့တယ်။ ဒီလို ကျောက်စာ အရေး စာလုံးပေါင်းပုံကို လေ့လာပြီး ထားဝယ်စကားရဲ့ အသံကို ရေးလို့ ရနိုင်ပါတယ်။

(၄) အချို့ကျောက်စာပါ အရေးတွေကတော့ ဒီနေ့ခေတ် ထားဝယ်သံနဲ့ နီးစပ်မှု အလွန်ရှိနိုင်ပါတယ်။

ဥပမာ – က္လောက် (ကျောက်)၊ က္လောင် (ကျောင်း)ပါ။ ထားဝယ်လိုနဲ့ ရေးမယ်ဆိုရင် က္လောန့် (ကျောက်) နဲ့ က္လောန်း (ကျောင်း) လို့ ပြင်ပြီး ရေးလို့ ရနိုင်ပါတယ်။

(၅) ရှေးကျောက်စာအရေးအသားစနစ်မှာ ယနေ့ခေတ် မြန်မာစာမှာလို ဝစ္စပေါက်၊ အောက်မြစ် စတာတွေ မတွေ့ရတတ်ပါဘူး။ ထားဝယ်လို အသံနဲ့ ရေးကြည့်မယ်ဆိုရင်တော့ ရှေးခေတ် မြန်မာစာကို ဒီနေ့ခေတ် မြန်မာစာနဲ့ ပေါင်းစပ် အသံထွက်ကြည့်နိုင်မယ် ထင်ပါတယ်။

ဥပမာ – ပ္လည္အ် ပါ။ ည အောက်မှာ အ ထည့်ထားတာဟာ အောက်ကမြစ် သဘောပါပဲ။ ဆိုတော့ ပ္လည္အ် ဆိုတဲ့ ကျောက်စာ အရေးကို ဒီနေ့ခေတ် မြန်မာစာရေးပုံနဲ့ ပြင်လိုက်ရင် ပ္လည့် ဖြစ်လာနိုင်ပါတယ်။

ဒါဆိုရင် ထားဝယ်တွေ တွင်တွင်သုံးနေတဲ့ ပြည့် ခြင်းသဘောအဖြစ် ပ္လည့် လို့ ရေးလို့ရနိုင်ပါတယ်။ ထို့အတူပဲ က္လာ ဆိုတဲ့ ကျောက်စာအရေးကိုလည်း ဝစ္စပေါက် ဖြည့်လိုက်ပြီး က္လား လို့ရေးရင် ထားဝယ်စကားမှာ ကျားသတ္တဝါ ကို ဆိုလိုတဲ့ စကားလုံးရလာနိုင်ပါတယ်။

အထက်ပါဆွေးနွေးချက်တွေကတော့ ထားဝယ်စကားရဲ့ ထင်ရှားတဲ့ လဆွဲသံနဲ့ ကျောက်စာပါ အရေး အချို့ကို ချိတ်ကြည့်ပြီး ဆွေးနွေးတာပါ။ ကျောက်စာတွေက ထားဝယ်သံနဲ့ လုံးဝထပ်တူ နေတာမျိုးတော့ မဟုတ်ပါဘူး။

လဆွဲသံတွေအတွက်တော့ အတော်လေးကို အရေး စားလုံးပေါင်း လမ်းပြ လမ်းစ ဖြစ်နိုင်ပါတယ်။

ဒီကနေ့ ခေတ် ထားဝယ်စကားလိုမျိုး ခေတ်များစွာ အရွေ့များစွာ ဖြတ်သန်းလာပြီးနောက် အပြောင်းအလဲများစွာနဲ့ ရှင်သန်နေဆဲ ဘာသာစကားတခုကို ရေးကြည့်ဖို့ စဉ်းစားရာမှာ ရှေးကျောက်စာအချို့ကို မှီးကြည့်ခြင်းသာ ဖြစ်ပါတယ်။

ကိုယ့်မူပိုင် အရေးစနစ်ဖြစ်လာ ဖို့ဆိုရင်တော့ ထားဝယ် အာလျှာနဲ့ ထိမိ ဟပ်မိတဲ့ စာလုံး ထွင်သင့်ရင်ထွင် ပြောင်းသင့်ရင် ပြောင်း ရမယ်လို့ တွေးမိပါတယ်။

ဘာလို့ ဆို အချို့ ကျောက်စာပါ ဝေါဟာရ (ထားဝယ်နဲ့ လုံးဝဆင်)တွေကို ဒီဖောင့်နည်းပညာတွေနဲ့ ရေးလို့ မရနိုင်သေးသလို မြန်မာစာလုံးတွေနဲ့ စာလုံးပေါင်းပုံဟာလည်း ထားဝယ် အသံကို ထွက်နိုင်ဖို့ သုံးရာမှာ ရာနှုန်းပြည့် အဆင်ပြေနေမှာ မဟုတ်လို့ပါပဲ။

ဒါဆိုရင် ဘာကြောင့် မြန်မာစာနဲ့ အခြေခံစဉ်းစားနေသလဲ ဆိုရင်တော့ ထားဝယ်တွေရဲ့ ပကတိ မြန်မာစာနဲ့ အကျွမ်းဝင်မှု၊ ဘာသာစကား ဆင်တူမှု စတာတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။