အမည်ပေါက်နဲ့ အရပ်ခေါ် ကွဲလွဲတဲ့ ဒေသများ

May 12, 2024,

နောန်နှံ့

မြန်မာပြည်နေရာအနှံ့မှာ ရုံးစာအရအမည်ပေါက်တဲ့ နာမည် နဲ့ အရပ်ခေါ်တဲ့ နာမည်ကွဲလွဲကြတဲ့ အရပ်ဒေသအများကြီးရှိပါတယ်။ ဒါဟာ အများအားဖြင့်တော့ မြန်မာစာရဲ့ ရေးတော့အမှန်၊ ဖတ်တော့ အသံ လို့ ဆိုရတဲ့ သတ်မှတ်ချက်ကြောင့်လည်းဖြစ်သလို၊ အရပ်ဒေသရဲ့ သမိုင်းကြောင်းအရ၊ လေသံအရ လည်းဖြစ်တတ်ကြပါတယ်။

ကာလရွေ့လျောလာလို့ နှောင်းလူတွေက အသံထွက်ပြောင်းခေါ်ကြရင်းက တွင်သွားလို့လည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားဒေသတွေက နေရာတွေကို မြန်မာစာနဲ့ ရေးသားဖော်ပြရာမှာ ဘာသာစကားအသံဖလှယ်ရာက ကွဲလွဲတာမျိုးဖြစ်နိုင်သလို တမင်တကာပဲ အရပ်ခေါ် နာမည်ကို မြန်မာနာမည်ပြောင်းပေးတာ၊ မြန်မာစာမှာ အသုံးတွင်တဲ့ ပါဠိ နာမည်တွေပေးတာမျိုးတွေ ကြောင့်လည်း ဖြစ်ပါတယ်။

ပြီးတော့ မြန်မာနိုင်ငံလို တိုင်းရင်းသားပေါင်းစုံရှိတဲ့ နေရာမှာ ဒေသတခုရဲ့ နာမည်ဟာ မတူတဲ့ လူမျိုးစုတွေကြားမှာ အသံထွက် အခေါ်အဝေါ် ကွဲပြားနေတာဟာလည်း ဖြစ်တတ်တဲ့သဘာဝလည်း ဖြစ်ပါတယ်။

နာမည်အခေါ်အဝေါ် ကွဲပြားနေရခြင်း အကြောင်းအရင်းတွေကို လေ့လာတာဟာ အရပ်ဒေသတစ်ခုရဲ့ သမိုင်းကို ခြေရာကောက်ရာမှာ အရေးပါလှပါတယ်။

ဒေသခံတွေကြားမှာ ဗမာစကားသိပ်သုံးလေ့မရှိပေမဲ့ ဗမာစကားနဲ့ ရင်းနှီးကြတဲ့ ထားဝယ်ဒေသတစ်ဝိုက်မှာတော့ အမည်ပေါက်နဲ့ အရပ်ခေါ်ကွဲတဲ့ နေရာအတော်များများရှိတာကို သတိထားမိပါတယ်။ ဘာဖြစ်လို့ ကွဲလွဲသလဲ ဆိုတာကိုလည်း မှတ်တမ်းများပြုစုထားနိုင်ရင် ကောင်းပါတယ်။

ဥပမာ – ထားဝယ်မြို့ပေါ်က မြောက်ရွာလို့ အမည်ပေါက်တဲ့ ရပ်ကွက်တစ်ခုဟာ ထားဝယ်သူ/သားတွေရဲ့ အရပ်ခေါ်မှာ မြစ်အော့ ဖြစ်မှာပါ။

ထို့အတူပဲ သရက်ချောင်းမြို့ထဲက ဒေသအခေါ် ‘မိုးရွှေဂူ’ ရပ်ကွက်ဟာ ဆိုင်းဘုတ်ပေါ်မှာ ‘မော်ရှည်ကုန်း’ ဖြစ်နေပါတယ်။

‘ပန်းချီရှောင်ရွာ’ လို့ဆိုင်းဘုတ်တပ်ထားပေးမဲ့ ဒေသခံတွေအဲလိုမခေါ်ပါဘူး။ ‘ကနက်သီရိ’ ဆိုရင်လည်း ‘နတ်ဆိ’ လို့သာ ထားဝယ်တွေကြားမှာ ခေါ်တာများပါတယ်။

ဒါဟာ မူလ အသံကို မြန်မာစာနဲ့ ဖလှယ်လို့ ကွဲတာမျိုးထက် ပိုတာမျိုးလားလို့ မေးခွန်းထုတ်စရာဖြစ်ပါတယ်။

အရပ်ခေါ်နာမည်ကို တိုက်ရိုက် မြန်မာလိုဖလှယ်တာကတော့ အသံထွက် ကွဲပေမဲ့ အဓိပ္ပာယ် မပြောင်းရင် နားလည်လွယ်ပါတယ်။

ဥပမာ – ထားဝယ်သူ/သားတစ်ယောက်က ရေဖြူကို ဗမာသံအတိုင်း /ယေဗြူ/ လို့ မထွက်ပေမဲ့ /ယေးဖ္လူ/ လို့ ထားဝယ်သံနဲ့ ထွက်ပါတယ်။

တချို့နေရာမှာတော့ မြို့နာမည်ကို မြန်မာစာနဲ့ ဖလှယ်ရာမှာ သမိုင်းဒဏ္ဍာရီမှာပါတဲ့ အဓိပ္ပာယ်နဲ့ ကွဲသွားတတ်တာမျိုးလည်းရှိနိုင်ပါတယ်။

ဥပမာ ရှင်တောင့်ပုံစေတီရှိတဲ့ သရက်ချောင်းမြို့ပါ။ ဘုရားသမိုင်း အရ ပြောတဲ့ မြို့နာမည်ဆိုရင် သရက်ချောင်းကို မြန်မာလို အရှက်ချောင်း (သို့) ရှက်ချောင်းလို့ပဲ ရေးသင့်ပါတယ်။ ထားဝယ် အသံထွက်အရ သရက်ကိုလည်း /ရှစ်/ အရှက်ကိုလည်း /ရှစ်/ လို့ပဲ အသံထွက်တာမို့ ထားဝယ် အခေါ်အရ /ရှစ်ခ္လေါန်း/ လို့ခေါ်တာ မမှားပါ။

အတော်တော့ ရှုပ်ထွေးတဲ့ သဘောရှိပါတယ်။ စာဖတ်သူများလည်း မိမိတို့နေရာရဲ့ အမည်ပေါက်နဲ့ အရပ်ခေါ် ကွဲလွဲတာများရှိရင် မျှဝေဖို့ ၊ ကွဲလွဲရခြင်း အကြောင်းများကို သိမီသူတွေထံ တီးခေါက်ကြည့်ကြဖို့လည်း မေတ္တာရပ်ခံပါတယ်။