ထားဝယ်ဒေသက နတ်ပွဲဓလေ့
ဒီဇင်ဘာနေ့လယ်ခင်း ဆောင်းလေပြည်က နတ်ဒိုးသံတွေကို သယ်ဆောင်လာလို့ နတ်ပွဲရာသီဆိုတာ သတိထားမိသွားတယ်။
ထားဝယ်မှာ နတ်တော်လ နတ်ပွဲရာသီအချိန်မို့ နေ့ခင်းပိုင်းတချို့မှာ နတ်ဒိုး၊ နတ်ဆိုင်းသံလေးတွေကိုကြားရလေ့ရှိပါတယ်။ ရွာရှင်ဘိုးဘိုးကြီးကို ပူဇော်ပသတဲ့ပွဲကို ထားဝယ်ခရိုင်အတွင်းက ကျေးရွာရပ်ကွက်တွေမှာ ကျင်းပလေ့ရှိပါတယ်။
ထားဝယ်ဒေသရဲ့ ရှေးဓလေ့ထုံးတမ်း တစ်ခုပါ။ အခြေအနေကြောင်းကြောင်းကြောင့် အခက်အခဲတွေရှိပေမဲ့လည်း အစဉ်အလာမပျက်ကျင်းပနိုင်တာ တွေ့ရပါတယ်။
ထားဝယ်ဒေသမှာ ဗုဒ္ဓဘာသာကိုအများစုယုံကြည်ကိုးကွယ်ကြပေမဲ့ ဒေသရဲ့ ယုံကြည်မှုဓလေ့ ထုံးစံအရ နတ်ပွဲကိုလည်းဆင်ယင်ကျင်းပကြတာဖြစ်ပါတယ်။
ထားဝယ်ဒေသအတွင်း ထင်ရှားတဲ့နတ်ပွဲတွေကတော့ ရှင်မုတ္ထီးကျေးရွာက ဒိုင်းပ္လန်စောင့်နတ်(တံတိုင်းအပြင်စောင့်နတ်)၊ ဝေဒီရွာနဲ့ အနောက်သဗျာရွာမှာ မောင်ဝအဲနတ်၊ သဗျာရွာမှာ ခေါင်းဆေးရှင်နတ်၊ စစ်ကဲရှင်နတ်၊ မောင်းမကန်ရွာမှာဆင်ရုပ်နတ်ပွဲ သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာမှာ ပေါင်းလောင်းရှင်နတ်ပွဲတို့ဖြစ်ကြပါတယ်။
ထားဝယ်မြို့ပေါ်ရပ်ကွက်က နတ်ပွဲတွေကျင်းပရာမှာ နတ်တွေရဲ့ ဝါစဉ်အလိုက်ကျင်းပလေ့ရှိတယ်လို့သိရပါတယ်။
ထားဝယ်မြို့ပေါ်ရပ်ကွက်နတ်ပွဲတွေကျင်းပရာမှာ ကြက်စားပြင်နတ်ပွဲကို ပထမဆုံးကျင်းပပြီးမှ ကျန်ရပ်ကွက် နတ်ပွဲများကိုအလှည့်ကျကျင်းပရတာဖြစ်ပါတယ်။ သာဓကအားဖြင့် ကရပ်ပြင်(တောင်)နဲ့ ကရပ်ပြင်(မြောက်)ရပ်ကွက်ဆိုရင် ကရပ်ပြင်(တောင်)ရပ်ကွက် နတ်ပွဲကို ကျင်းပပြီးမှ ကရပ်ပြင်(မြောက်)ရပ်ကွက်နတ်ပွဲကို ကျင်းပရတာဖြစ်ပါတယ်။
ဟိုးအရင်ကတော့ နတ်ပွဲကိုအကြောင်းပြုလို့ ကျေးရွာရပ်ကွက်တွေမှာ ဇာတ်ပွဲတွေထည့်သွင်းကျင်းပလေ့ရှိပြီး လောင်းကစားဝိုင်းတွေကိုလည်း ထည့်သွင်းကျင်းပလေ့ရှိတာကြောင့် ထားဝယ်ဒေသနတ်ပွဲဟာ အထူးစည်ကားနေလေ့ရှိပါတယ်။
ခုအခါမှာတော့ အရင်ကလောက် မစည်ကားတော့ပေမဲ့ အစဉ်အလာဓလေ့ထုံးစံအရ ရိုးရာမပျက်ကျင်းပနိုင်ဆဲရှိတာမို့ ဓလေ့တစ်ခုကို ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုရမှာပါ။
Tanintharyi Gallery ပရိသတ်များအနေနဲ့လည်း မိမိတို့ရပ်ရွာက နတ်ပူဇော်ပွဲအကြောင်း ပုံရိပ်တွေကို ဝေမျှကြစေချင်ပါတယ်။
(ဖော်ပြပါ ဓာတ်ပုံတွေကတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ကရပ်ပြင်(မြောက်)ရပ်ကွက်မှာကျင်းပတဲ့ နတ်ပွဲမှာ ရိုက်ကူးထားတာပါ။)















