ငယ်ငယ်တုန်းက သီတင်းကျွတ်
သီတင်းကျွတ်ကာလတိုင်း အတွေးထဲ အမြဲပေါ်လာတာက ငယ်ငယ်က မီးပူဇော်ခဲ့တာတွေပါ။
ရပ်ရွာဒေသအလိုက် မတူညီတာလေးတွေ ရှိပေမယ့် သူ့ ခေတ်ကာလအတူတူမှာတော့ အရမ်းကြီးကွာမယ် မထင်ပါဘူး။ ကျွန်တော်ဖြတ်သန်းဖူးတဲ့ ငယ်ဘ၀ မီးထွန်းဓလေ့တွေမှာတော့ ဗာဒံရွက်ကို ဆီမီးအကာလုပ်၊ ဝါးဆစ်ထဲ ၊ ပုလင်းခွံတခုခုထဲ ရေနံဆီ ဒါမှမဟုတ် ဆီတမျိုးမျိုးထည့်ပြီး မီးပူဇော်တာ၊ ဖယောင်းတိုင် ဆီမီး ပူဇော်တာပါ။
တချို့ရွာဖက်တွေမှာတော့ ဆီအုန်းကြိတ်ဖတ်ကို ဝါးချောင်းမှာ မံထားပြီး မီးစာအဖြစ်သုံးထားတဲ့ ဆီမီးတိုင်နဲ့ ပူဇော်တာကို အမှတ်ရနေတယ်။
နောက်တခုက ရောင်စုံ စက္ကူမီးအိမ်လေးတွေ။ အရာရာကို ချွေတာသိမ်းဆည်းတတ်တဲ့ ကာလတွေဆိုတော့ မီးအိမ်တွေ ပိုးမစားမချင်း၊ ကော်မကွာမချင်း သိမ်းတာကိုလည်း အမှတ်ရနေတယ်။
မီးပူဇော်တာမှာ အခုထိ ကိုယ်တိုင်လည်း နားမလည်၊ မမေးလဲ မမေးဖြစ်ဘဲ လိုက်လုပ်ခဲ့တာတခုက လှေကား ၀ တို့ ဘာတို့မှာ မီးထွန်းတာပါ။ ကျွန်တော်တို့ နားမလည်ဘဲ မမေးဖြစ်ဘဲ လုပ်ခဲ့တာတွေကလည်း များသား။ ကလေးတွေကတော့ ရောင်စုံစက္ကူ ၊ ဝါးခြမ်းတဲ့ လုပ်ထားတဲ့ မီးပုံးတွန်းလှည်းငယ်လေးတွေနဲ့ ပါကြတယ်။
အခုနောက်ပိုင်းတော့ မီးပူဇော်တဲ့ ပုံစံက တော်တော်ပြောင်းသွားခဲ့ပြီ။ တရုတ်နဲ့ ထိုင်းနိုင်ငံထုတ် လျှပ်စစ်မီးတွဲတွေ၊ မီးပုံးတွေက သီတင်းကျွတ်မှာ နေရာယူလို့။
မိတ်ဆွေတို့ ငယ်ငယ်ကရော သီတင်းကျွတ်မီးထွန်းပွဲ ဘယ်လိုနွှဲခဲ့ကြလဲ။ အမှတ်ရစရာလေးတွေကို Comment မှာ ရေးသွားကြပါဦး။
