ထားဝယ်မှာ ကိုယ်ပိုင် ငွေကြေး ရှိခဲ့သလား
တွေးကြည့်ဖြစ်တယ်။
ရှေးထားဝယ်ကုန်သွယ်စီးပွားလုပ်ငန်းမှာ ကိုယ်ပိုင်ငွေကြေးတခုခု စီမံသုံးစွဲခဲ့လေသလား။
ထားဝယ်မြစ်ထဲကနေ တွေ့ရတတ်တဲ့ ခဲဒင်္ဂါးပြားမှာ ” တဝဲ ” လို့ ရေးသားထားတာ တွေ့ရတယ်။ အချို့နေရာတွေမှာလည်း အလားတူ ခဲဒင်္ဂါးပြားတွေကို တွေ့ရတတ်လို့ ဒီဒင်္ဂါးတွေကို အမြောက်အမြား ထုတ်လုပ်ခဲ့တယ်လို့ ယူဆစရာ ရှိပါတယ်။
ဟိုးအရင်ကတည်းက ထားဝယ်ဒေသတစ်ခွင်မှာ ငွေကြေးကိုခေါ်တဲ့ အခေါ်အဝေါ် သီးသန့်ရှိတယ်။ ဗမာတွေက “ပိုက်ဆံ” လို့ပြောပေမဲ့ ထားဝယ်တွေကတော့ ” ကပ် ” လို့ပဲ သုံးနှုန်းကြတယ်။
” ကပ်” ဆိုရင် ငွေစက္ကူရော အကြွေစေ့ပါ အကျုံးဝင်တယ်။ ဒါပေမဲ့ ထားဝယ်ဒေသမှာ အကြွေစေ့ကို သီးသန့်ခေါ်တဲ့ အသုံးအနှုန်းတစ်မျိုး ရှိသေးတယ်။ ” ဗျန်” …တဲ့။ ခုတော့ “ဗျန်” အသုံးကို မတွေ့ရ ၊ မကြားရတော့ဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကအထိတော့ ” ဗျန် ငါးမူး” ” ဗျန် ငါးပြား ” “ဗျန် တစ်မတ်” ဆိုတာတွေ ကြားရသေးတယ်။ ခုနောက်ပိုင်းကာလတွေမှာ ငွေအကြွေစေ့ သုံးစွဲမှုတွေပါ ပျောက်သွားတော့ ” ဗျန်” ဝေါဟာရလည်း ပျောက်သွားပုံရပါတယ်။
လောလောဆယ် ပျောက်ကွယ်လုနီးပါး ဖြစ်လာတဲ့ဝေါဟာရက “ကပ်” ပါ။
လူငယ်အတော်တော်များ မပြောကြတော့ပါဘူး။
” ပိုက်ဆံ ” ဆိုတဲ့ ဗမာစကား (စံဘာသာစကား)ကိုပဲ သုံးလာကြပါတယ်။ အရင်က လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ထိုင်ရင် “ကပ်ရှင်းမယ် “လို့ ပြောတတ်ကြပေမဲ့ ခုနောက်ပိုင်းကာလတွေမှာတော့ “ပိုက်ဆံရှင်းမယ်” “ဘေလ်ရှင်းမယ်” လို့ ပြောလာကြပါပြီ။
ဒီလိုပြောင်းလဲလာရတာကလည်း ဒေသတွင်းမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းလာပြီး ပြည်မနဲ့ ကူးလူးဆက်ဆံမှုများလာတာရယ်၊ ဗမာစကားပြောတဲ့ရွှေ့ပြောင်းလုပ်သားတွေ ရောက်လာတာတွေရယ်ကြောင့် ဖြစ်မယ် ထင်ပါတယ်။
ထားဝယ်ငွေကြေးအခေါ်အဝေါ်ဖြစ်တဲ့ ” ကပ်” နဲ့ “ဗျန်” တို့ မိတ်ဆွေတို့ပတ်ဝန်းကျင်မှာ တကယ်ပဲ ပျောက်ကွယ်သွားပြီလား၊ ပျောက်ကွယ်လုနီးနီးဖြစ်နေပြီလားဆိုတာလေး ပြောပြကြပါဦး။




