သူတို့ဆီက မြစ်နဲ့ ကမ်းခြေ

September 3, 2025,

ရှင်သန်နေဆဲ ဘာသာစကားတခုကို လူတွေရဲ့ ပြောဆိုသုံးနှုန်းမှုမှာ လိုက်ရှာကြည့်နိုင်ပါတယ်။
ဘာသာစကားတခု သေဆုံးသွားခဲ့ပြီဆိုရင် အဲဒီစကားကို “သုံးတဲ့သူ ပြောတဲ့သူ မရှိတော့လို့” ၊ “ပြောတတ်တဲ့သူ နားလည်တဲ့သူမရှိတော့လို့” လို့ပဲ ဆိုရမှာပါပဲ။ ရှင်သန်နေသေးတဲ့ ဘာသာစကား တခုမှာ သူ့သဘာဝအရကို အပြောင်းအလဲတွေ စဉ်ဆက်မပြတ်ရှိနေပြန်ပါတယ်။ စကားလုံးတချို့ တိမ်ကောသွားတယ်၊ အသစ်တွေ ပေါ်လာတယ်။ လေသံ ပြောဟန် အသုံးအနှုန်းစံ တွေကလည်း ရွေ့လျောနေပြန်ပါတယ်။ အဲဒီ ဘာသာစကားဟာ ရှင်သန်လှုပ်ရှားနေတာကိုး။
စာပေအရေးရယ်လို့ အတည်တကျ အတိအကျ မရှိသေးတဲ့ ထားဝယ်စကားကလည်း ရှင်သန်နေဆဲပဲ။ ပြောတဲ့သူတွေ၊ နားလည်တဲ့သူတွေ ရှိသေးတယ်။ ဒီစကားနဲ့ ရှင်သန်ကြီးပြီးတဲ့ ရပ်ဝန်းကြီး ရှိတယ်။ ထားဝယ်သူ၊ ထားဝယ်သား ထားဝယ်စကားကိုး ဂုဏ်ယူစွာ ပြောဆိုသုံးစွဲခဲ့ကြတာမျိုးကိုး။
မျိုးဆက်တွေအလိုက် လက်ဆင့်ကမ်းလာခဲ့ကြတာ ဒီကနေ့ အထိပါပဲ။ စိတ်ဝင်စားဖို့ကောင်းတာက မတူတဲ့မျိုးဆက်တွေကြားမှာ ကျပျောက်သွားခဲ့တဲ့ အသုံးနှုန်းတွေ၊ အသံထွက်ပုံတွေပဲ။ ပြီးတော့ မျိုးဆက်တခု၊ ခေတ်ကာလတခုမှာ အသစ်ပေါ်လာခဲ့တဲ့ အသုံးတွေ ပြောဟန် ဆိုဟန် အသံဗလံတွေ ပါပဲ။
ဒါတွေက အမှုမဲ့ အမှတ်မဲ့ နေရင်တော့ မသိသာပေတဲ့ အသေအချာ နားထောင်ကြည့် နားလည်ကြည့်ရင်တော့ စကားသံတွေ အသုံးနှုန်းတွေ ပြောဟန်ဆိုဟန်တွေဟန် တရွေ့ရွေ့ လှုပ်ရှား နေတာပဲ ဆိုတာ ရိပ်စားမိကြမှာပါပဲ။
ဒီစာအတွက် ခေါင်းစဉ်ပေးဖြစ်ပုံက ဒီလိုရယ်။
တရက်သားတော့ ရွာတရွာကို အကြောင်းတခုနဲ့ ရောက်ဖြစ်ခဲ့တာပဲ။ ထားဝယ်တွေ နေတဲ့ရွာ။ အဲသည်ရွာကို ရောက်သွားလို့ ရက်နည်းနည်းကြာတော့ ကိုယ်ပြောတဲ့ ထားဝယ်စကားဟာ သူတို့ ဆီက ရပ်စကား ရွာစကားနဲ့ ခြားနားနေတာ သတိထားမိလာတော့တယ်။ ကိုယ့်ရဲ့ ထားဝယ် စကားဟာ မြန်မာစာ မြန်မာစကားအသံဟန်ပဲ ကဲနေခဲ့တာလား လို့ ပြန်တွေးကြည့်မိတယ်။
ရွာဟာ မြစ်ကြီးတခုနဲ့ မနီးမဝေးလေးမှာပဲရှိတယ်။ ပင်လယ်ကြီးဖက်ကို သွားချင်ရင်လည်း သိပ်မဝေးတဲ့ အရပ်မှာပဲ။ ဒီတော့ ရွာရဲ့ ပထဝီအနေအထားအရဆိုရင် မြစ်တို့ ကမ်းခြေတို့ဆိုတဲ့ စကားလုံးတွေဟာ ရွာသူ ရွာသားတွေနဲ့ မစိမ်းပါဘူး။ ဆိုင်ကယ်ပေါတဲ့ ရွာဆိုတော့ မြစ်ဖက်လား၊ ပင်လယ်ဖက်လား ခဏနဲ့ ခရီးတွင်နိုင်တယ်။ တရက်သားတော့ မြစ်ဖက်ကိုရော ပင်လယ်ဖက်ကိုပါ သွားရမယ့် ကိစ္စတွေရှိလာတယ်။ ဇာတ်လမ်းက အဲသည်မှာ စတယ်။
သူတို့က မြစ်ကို /မ္လစ်/ တဲ့။ ကမ်းခြေကို /ကမ်းခေ/တဲ့။ ဆိုင်ကယ်ကို /စစ်ဘီး/ တဲ့။
နားထောင်ရတာ သိပ်အရသာရှိတဲ့ အသုံးတွေပါ။ လေးလေးပင်ပင် ရှိတယ်။ အစတော့ နားမလည် ပေမဲ့ ခဏလေးထဲမှာပဲ သဘောပေါက်သွားရတယ်။
ဒါနဲ့ ကိုယ်တွေက ထားဝယ်လို ခေါ်တော့ မြစ် ဟာ မြစ်ပဲ၊ ကမ်းခြေဟာ ကမ်းခြေပဲ၊ ဆိုင်ကယ်ဟာ ဆိုင်ကယ်ပဲ။ သူတို့ဆီက မြစ် ကို /မ္လစ်/ လို့ ခေါ်တာဟာလည်း ထားဝယ်စကားရဲ့ ထူးခြားတဲ့ လဆွဲသံ ကို ထင်ဟပ်နေတာမို့ ချစ်စရာပါပဲ။ မျိုးဆက်ပြစကား မြစ်ကို ထားဝယ်သံနဲ့ /မ္လစ်/ လို့လည်းခေါ်သလို စားလို့ရတဲ့ မျှစ် ကိုလည်း /မ္လစ်/ မ္လှစ်/ လို့ ခေါ်တတ်တာမို့ ခပ်ဆင်ဆင်ပါ။
ကမ်းခေ မှာ /ခေ/ဟာ ထားဝယ်စကားအရတော့ ခြေ (ခြေထောက်)ပဲ။ ဒါ့ကြောင့် ကမ်းခေ လို့ ခေါ်တာဟာ နားထောင်ရတာ ကောင်းပါ့။ အဓိပ္ပါယ်လည်း ထူးပြီး မခြားနားပါဘူး။
ဆိုင်ကယ်ကိုက /စစ်ဘီး/ လို့ဆိုတော့ စက်ဘီးတော့ ဘယ်လိုတုန်းဆိုတော့ /ခေနန်း စစ်ဘီး/ တဲ့။
ထားဝယ်စကားသံမှာ စက်ဘီး ကို /စစ်ဘီး/ လို့ခေါ်တယ်။ ဘီးဟာ မြန်မာအသံမှာလို /ဘိန်း/ လို့ မထွက်ပါဘူး။ ဘီး ပါပဲ။ သူတို့ဆီမှာ စောင် ကိုလည်း /ဆိုးဖ္လူ/ မြန်မာလိုပြန်ရင် ပုဆိုးဖြူ လို့ သုံးဆဲပါပဲ။ ဒီလို အသုံးမျိုးကို တချို့က တောကျ လှသဟေ့ လို့ ခနဲ့တဲ့တဲ့ ဆိုချင်ဆိုမယ်။ ကိုယ့် အတွက်တော့ နားထောင်ရတာ နားဆိမ့်လှပါတယ်။
ရှင်သန်ရွေ့လျားနေတဲ့ ဘာသာစကားတခုမှာ ကိုယ်မကြားမိခဲ့တဲ့ အသံ အသုံးအနှုန်းတွေကို သိရတယ် ဆိုတာ ပျော်စရာမဟုတ်ပါလား။