ခ္လေး ပ္လန်းပ္လန်း

December 2, 2025,

ဧသင်

ခ္လေးပ္လန်းပ္လန်း ကို မြန်မာမှုပြုလျှင် ကိုယ်လုံးတီး ဟု အဓိပ္ပာယ်ရသည်။ မိစု၊ ဖစု သည် ထားဝယ်ဒေသတွင် ကလေးငယ် များကို ချစ်စနိုးခေါ်ဝေါ်သော အသုံး။ ထိုငယ်နာမည်က ကြီးသည်အထိ စွဲသွားပြီး အရပ်နာမည်လည်း ဖြစ်သွားတတ်သည်။ ဥပမာ နောန်ဖစု၊ မယ်းမိစု။ ဤကား စကားချပ်။

ကဗျာကတော့ ခပ်ငယ်ငယ် ကလေးအရွယ် အဝတ်မပါ ဆော့ကစားခြင်းကို ဖော်ညွှန်းခြင်းရယ်ပါ။ ငယ်သေးတော့ ပုခက်ထဲလည်း အိပ်တယ်။ နေ့ဖက် နေပူတုန်းဆော့ကစားကြတော့ အဝတ်ရယ်မပါ ကိုယ်ဗလာကျင်းသပေါ့။ အရှက်ရယ် အကြောက်ရယ် မသိသေးတဲ့ အငယ်တို့ ဟိုနားသည်နား ကိုယ်ဗလာနဲ့ လည်လည်လည်း သွားတတ်သေးသပေါ့။

သည်လိုဖြင့် အိမ်နီးနားချင်း တယောက်ယောက်က ထိုကလေးတို့ကို အဝတ်ဗလာနဲ့မို့ ပြက်ရယ်ပြုတယ်။ ရယ်ပွဲဖွဲ့တယ်။ သည်လိုနဲ့ ဝိုင်းရယ်တဲ့သူတွေက များလာလေတော့ ထိုကလေးငယ်တွေက ဝမ်းပမ်းတနည်း ငိုတော့တာပေါ့။ ကဗျာကတော့ ဒါပါပဲ။ ငယ်ဘဝ စိတ်ကူးနဲ့ ပြန်တွေးကြည့်တော့လည်း ခပ်ရှက်ရှက်ရယ်လေ။

ခ္လေး ပ္လန်းပ္လန်း

မိစု ဖစု ခပ်ငယ်းငယ်
ခပ်ထဲမာ အိဟှယ်
နေ့ဖန့် ပူဒူး ဆော့ကာဇား
ခ္လေး ပ္လန်းပ္လန်းနာ့မား။

ရှစ်မှေ့ ကြော့မှေ့ သားဂန်းငယ်
ခ္လေးပ္လန်းပ္လန်းနာ့ အီးခယ်လယ်
ကူးရူး ကူးရူး ဝိုင်းရယ်ဇား
အိုင်းအိုင်းရှစ်အောန် ငိုခ္လ မား။